Sunday, January 18, 2015

ရက်မလည်ရသေးတဲ့ ကျမ


မလိုပါဘူး
ပြီးသွားပြီမလား
အားရ ကျေနပ် ၀မ်းမြောက် ၀မ်းသာ
ပီတိ ဇော အဟုန်
ကမ္ဘာမြေတုန်သည်အထိ ချစ်ခဲ့ကြပြီးမှ
ဟု မိမိတယောက်တည်း
မိမိအတ္တနှင့် မိမိအဆိပ်သင့် တွေးထင်ခဲ့မိ
အသင်
ရင်ပြင်
အတွင်း သက်ဆင်းမိခဲ့လေသော
စိုးစဉ်းမျှ ပူပန် သောက ဗျာပါဒ
တရားကိုယ်သဘောထဲမှာကိုက ကိုယ်က
အတွင်းကျကျ ပျော်လိုက်သည့်ဖြစ်ခြင်း
အတိတ်၌ ဖျက်မြင်းဟီသံ ခွာပြင်သံများ
မြင်ကွင်းကျဉ်း အသံတိတ်
အင်တာနက်ဝက်ဆိုက်တွင်လည်း လွှင့်တင်ထားခြင်းမရှိ
သတိ -
ဤ အဆောက်အအုံသည် အိုမင်း ရင့်ရော်
ဟောင်းနွမ်း ပုတ်သိုး
နေထိုင်ရန်တစက်ကလေးမှမသင့် စသည် စသည် စသည်ဖြင့်
မပါရှိပါသဖြင့် တကိုယ်လုံးပုံအပ် ယုံမှတ် မှားယွင်း
လီဆယ် ဖြားယောင် သွေးဆောင်ခြင်းမဲ့
တကောင်တည်းအောင်းခဲ့မိပြီမှန်း နောက်ကျမှသိခဲ့ရသည့်
ခြင်္သေ့အမရဲ့  ရင်ထဲ သည်းသည်းမည်းမည်း
မေ ငိုနေတယ် မိုးသည်းထဲမှာကွယ် ထိုင်လျက်
မပွင့်ခင် သူ့ မြေပေါ်မှာဘဲ သူ့ မြေဆီသြဇာနဲ့ 
သူစိုက်ခဲ့တဲ့ပန်းမို့  တယုတယ တမြတ်တနှိုး အကွပ်မဲ့လလို
သူ့ ကိုဘဲ မျှော်မှန်း ရင်းနှီး မြှပ်နှံ
သဒ္ဒါဝါကျမမှန်မှန်းသိပေမဲ့ ဒါက ချစ်တယ်လို့ ပြောတာဘဲ
လို့  တထစ်ချ ယုံကြည်ကိုးစား
မငြူမစူ မငြင်းမဆန် အရာခပ်သိမ်း ကိုယ့်ရေတိမ်ထဲ
ကိုယ်ပြန်နစ်တော့မဲ့ ပျက်ခါစရေတွင်းတတွင်းရဲ့ 
ရှက်ဖွယ်လိလိ ရွှေထီးဆောင်းညများ
သွေးနှင့်ကိုယ်သားနှင့်ကိုယ်နှင့် စိတ်မှာ အရှုးမီးဝိုင်း
ခါးပိုက်ဆောင်ခံလိုက်ရသည့် မိမိကိုယ်အား မိမိ သုတ်သင် ကုတ်ခြစ် ချေမွ
တနေရာမှတနေရာတနေရာမှတနေရာတနေရာမှတနေရာ ဆက်ထုံးများမှ
ကင်းလွတ်ရာကင်းလွတ်ကြောင်း အဆုံးများ သတ်မိရာသတ်မိကြောင်း
ကိုယ်မှတပါး အခြား အထင်အရှားပြဆိုရန်မရှိတော့ပါသဖြင့်
မှီတွယ်ရာမဲ့ နှင်းတစက်ကဲ့သို့  ကမ္ဘာငယ်ခြေရင်း
ဤ သုသာန်တွင်း၌ တစ္ဆေတို့ ငိုယို
မျက်မုန်းကျိုးသူများ ကဲ့ရဲ့  စောင်းမြောင်း
အသစ်ရောက်လာခဲ့သော ကျမ၏ဓါတ်ပြားဟောင်းအား ဖွင့်၍ ဖွင့်၍
ပွင့်၍ ပွင့်၍ ဂူတံခါးတို့ သည် တဂျိန်းဂျိန်း
မိုးတို့ သည် တခြိမ်းခြိမ်းနှင့်
ရက်မလည်ရသေးတဲ့ ကျမ အရမ်းကြောက်တယ် မောင်.......။................။


လူလူလက်ျာ
၅.၁၂.၂၀၁၀

No comments:

Post a Comment