Friday, December 26, 2014

ရေနည်းရပ်ဝန်း .


ရေနည်းရပ်ဝန်း .
အရာရာသွေ့ ခြောက်လို့ပါ
အရာရာကွဲအက်လို့ပါ
အရာရာပေါက်ထွက်လို့ပါ ။
နေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
ဖြေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
သေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
ဘယ်အရာမဆိုဆူးဟာထောင်ရက်သား ။
အိပ်လို့လည်းမပျော်ခဲ့တာတွေ
ခေါ်လို့လည်းမကြားခဲ့တာတွေ
နားလို့လည်းမရခဲ့တာတွေ
အဟန့်အတားဟာခဲလို့ပျစ်လို့ပါ ။
အသက်ရှုသံဟာကျပ်ခဲ့တယ်ဆိုပါတော့
အနွေးဓါတ်ဟာပြတ်ခဲ့တယ်ဆိုပါတော့
ကျောပေါ်ကဒဏ်ရာဟာလည်း
ထပ်ခဲ့ရတယ်ပဲဆိုပါတော့ ။
အော်ပြောလိုက်ရင်ဖြစ်မလား
အော်ဟစ်လိုက်ရင်ရမလား
ဒီဝဋ်ကဒီမှာရပ်ခဲ့ဖို့
ဒီဆိုးညစ်မှုကိုဒီမှာတန့်ခဲ့ဖို့ ။
စိမ်းလန်းခြင်းကိုမျှော်မိခဲ့ပေမယ့်
ဘယ်တော့မှပေါ်မလာခဲ့ခြင်းမှာ
စို့လာတဲ့ဝမ်းနည်းမှုကိုအသာထိန်း
ဖြည်းဖြည်းပဲတိမ်းခဲ့ချင်ပါတယ်
အေးအေးစက်စက်ပဲနင်းထွက်ခဲ့ချင်ပါတယ် ။
အထိတ်တလန့်
ပြုတ်ကျလာတဲ့ကြမ္မာဟာ
ပိုကောင်းလာခဲ့ဦးမယ်ဆိုရင်ပေါ့ ။ ။
ကိုထက်-ရေဦး
6 , 10 , 2 0 1 4

No comments:

Post a Comment