Monday, December 29, 2014

မောင်လို့ခေါ်မိ အပြစ်ရှိ


မောင်လို့ခေါ်မိ အပြစ်ရှိ
****************
အပြစ်မရှိဘဲ အပြစ်ရှာတာ
အချစ်ကြောင့်တဲ့လား...
ကျမ မျက်ရည် ယူသွားပါမောင်
ဒါဟာ အပြစ်မဟုတ်တဲ့ ဖြူစင်ခြင်းနဲ့
ရှင့်ကိုချစ်ကြောင်းပါ...

ရင်မှာပွင့်ကြတာချင်းတူတူ
ဘာလို့များ
ကျမက အဖြူ
မောင်က အဝါ
ကွဲပြားခဲ့ပါသလဲ??
အဖြေထုတ်ပြရင်
ကျိုးကြောင်းဆီလျော်မှ အမှန်ဖြစ်မဲ့ပုစ္ဆာကို
အလွဲနဲ့ အမှတ်မလိုချင်ပါနဲ့...
မအောင်မြင်ရင် နေပါစေ
ကျမကအမှန်ဘဲဖြစ်ချင်တယ်...
မချစ်ရင် ရပါတယ်
ဒါကြောင့်ဆိုတာတွေကတော့
ကြက်ခြေခတ်ရဲတယ်
ကျမ အချစ်က
ပန်းဝင်မှ ပေးတဲ့ဆုမှမဟုတ်ဘဲ
ရေပါဖို့မလိုပါဘူး
ခပ်တာလေးဘဲမြင်ချင်တယ်
ဗေဒါဝီရသေ့လို...
အကြီးအငယ် နေရာရွေးလို့
အငယ်ဦးစားပေးတာလိုချင်ရင်
ရှေ့မှာနေရတဲ့လူကို
လေးစားမှုပေးရတယ်
ဗိုလ်ကျပါ မောင်
တဖက်သတ်တော့မဆန်စေနဲ့...
အချစ်ဆိုတာ
လိုချင်တာရရင် ကြည်နူးပျော်ရွှင်တယ်
ကျမကိုချုပ်နှောင်ခြင်းက
ပျော်အောင်ထားရင် တသက်လုံးနေမယ်
ငိုရတဲ့အချစ်ကိုတော့
အစောဆုံးသာ လမ်းခွဲချင်တယ်
စိတ်ဆင်းရဲတဲ့ အချစ်ကို
မောင့်ကိုပေးဖူးပါသလား...
ဟင့်အင်း
မောင်လို့ဘဲ ခေါ်ချင်တယ်
တကမ္ဘာလုံး မောင်နာမည်သုံးပါစေ
ကျမခေါ်ရင် ထူးပါ မောင်
အသဲနှလုံးက တိုက်ရိုက်ထုတ်လွှင့်တဲ့
တဦးထဲသောချစ်သူ ထံသို့
တကြောင်းထဲပို့တဲ့ အချစ်ပါ
မောင်လို့မောင့်ကိုခေါ်တာမျိုး
အစားထိုးမရပါဘူး...
မောင်လို့ခေါ်တာများ...
အပြစ်တဲ့လား..မောင်ရယ်...
ပန်းသီးခါး
၂၈.၁၂.၂၀၁၄

No comments:

Post a Comment