Tuesday, March 31, 2015

အလုပ်ထွက်ချင်စိတ်၊ အလုပ်မှာ မပျော်တဲ့စိတ် ဖြစ်ပေါ်နေပြီဆိုရင်


အလုပ်ထွက်ချင်စိတ်၊ အလုပ်မှာ မပျော်တဲ့စိတ် ဖြစ်ပေါ်နေပြီဆိုရင်
========================================
၁။ သုံးသပ်ကြည့်ပါ။
ဒီလိုပြဿနာတွေဖြစ်ပေါ်နေပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဘယ်လို၊ ဘာကြောင့် အလုပ်ထွက်ချင်နေရတာလဲဆိုတာ သုံးသပ်ကြည့်ပါ။
၂။ စဉ်းစားပါ။
ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပြီးနောက် ငါလက်ရှိအလုပ်ကနေ ထွက်ခွာသင့်ပြီလား။ အလုပ်သစ် ရှာသင့်နေပြီလား၊ ဒါမှမဟုတ် ငါ ခံစားချက်တစ်ခုခုကြောင့်လားဆိုတာ သေသေချာချာစဉ်းစားသင့်ပါတယ်။ မိမိပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် အလုပ်ကို အလျင်စလိုမထွက်လိုက်ပါနဲ့။ ခဏလောက်ခွင့်ရက်ရှည်ယူပြီး အနားယူလိုက်ပါ။ နောက် မိမိခံယူချက် စိတ်ခံစားချက်ကို ပြောင်းကြည့်လိုက်ပါ။ အကောင်းမြင်ဝါဒနှင့် စိတ်သစ်နှင့်အလုပ်ခွင်ကို ပြန်လည်းဝင်ရောက်လုပ်ကိုင်ကြည့်ပါ။လက်ရှိအလုပ်က ကိုယ်နှင့်ဘယ်လိုမှ စည်းဝါး မကိုက်တော့ဘူး ဆိုရင်တောင် နောက်အလုပ်သစ်ရှာမတွေ့မချင်း ချက်ချင်းကြီး မလုပ်မထွက် လိုက်ပါနှင့်။ မစွန့်လွှတ်လိုက်ပါနှင့်။
၃။ အထက်လူကြီးနှင့် တိုင်ပင်ဆွေးနွေးလိုက်ပါ။
အလုပ်ကြောင့်၊ လုပ်ဖော်ကိုင်ဖက်တွေကြောင့်၊ လက်ရှိအလုပ်မှာ မပျော်ရွှင်တာကြောင့် ထွက်ချင်တာဆိုရင် အကောင်းဆုံးက ပွင့်ပွင့်လင်းလင်း ကိုယ့်အထက်လူကြီးနှင့် တိုင်ပင်သင့်ပါတယ်။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေဘူးဆိုရင် သူဌေးနှင့် ရင်းနှီးစွာဆွေးနွေးသင့်ပါတယ်။ ဒီလိုဆွေးနွေးရာတွင် ပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေ မပါဝင်သင့်ပါဘူး။ မပုတ်ခတ်သင့်ပါဘူး။ ဒီလိုဆွေးနွေးခြင်းက ကိုယ့် အခက်အခဲတစ်ခုကို အတိုင်းအတာတစ်ခု လျော့ချပေးနိုင်ပါတယ်။
၎။ ဘယ်လိုပင်ဖြစ်စေ ချက်ချင်းကြီး အလုပ်ထွက်စာ မတင်လိုက်ပါနှင့်။
အပေါ်မှာပြောခဲ့သလို လူကြီးနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ခရီးရက်ရှည်ထွက်ပြီးနောက် ကိုယ့်ခံယူချက်တွေ ကို ပြောင်းလဲကြည့်ပြီးနောက် ဘာမှမထူးခြားဘူးဆိုရင် လက်ရှိအလုပ်ကနေ ထွက်ခွာချိန်တန်နေပါပြီ။ ဒါပေမဲ့ ချက်ချင်းကြီး ထွက်စာတင်ပြီး အလုပ်မထွက်လိုက်ပါနှင့်။ ကိုယ့်အတွက် နောက်အလုပ် အဆင်သင့်ရှိမှသာ အလုပ်ထွက်စာတင်ပြီး အလုပ်ထွက်ခွာသင့်ပါတယ်။
၅။ ဝန်ထမ်းကောင်း တစ်ယောက်ပီသပါစေ။
အကယ်၍ သင်အလုပ်ထွက်စာတင်ပြီးရင်တောင် ကျန်ရှိနေသေးတဲ့ အချိန်ကာလကို ကောင်းကောင်းမွန်မွန် ဆက်လက်လုပ်ကိုင်သွားဖို့ အရေးကြီးပါတယ်။ လက်ရှိအလုပ်က ဘယ်လောက်ပဲ စိတ်ပျက် ဖို့ ကောင်းကောင်း မိမိဘက်မှ အကောင်းမွန်ဆုံး စွမ်းဆောင်ပေးလိုက်ပါ။
Credit to: MyJobMyanmar
Unicode Version

Saturday, March 21, 2015

စိတ်ဓာတ်ကျနေလားသူငယ်ချင်း?

စိတ်ဓာတ်ကျနေလားသူငယ်ချင်း?
=====================

အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ကျွန်တော်တို့ လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့
မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊စာမေးပွဲကျလို့၊
ရုပ်မလှလို့ အမျိုးမျိုးကို စိတ်ဓာတ်ကျနေတတ်ကျပါတယ်။စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့ သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။

တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။ ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူး။ သာမန်ရုံးဝန်ထမ်း တစ်ယောက်။သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိ
တယ်ဆိုပါစို့။ အဲဒိIphoneလေးtaxiပေါ်မှာ မေ့ကျန်ခဲ့တယ်ဆိုပါစို့။ သင်ဘယ်လိုခံစားရမလဲ?ခဏလောက်တွေးကြည့်လိုက်ပါ။
၇သိန်း၊၈သိန်း လောက်တန်တဲ့ပစ္စည်းတစ်ခုအတွက်တောင် သင်အဲ့ဒိလောက်စိတ်သောကတွေရောက်ပြီး
စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့
သူတွေရော ဘယ်လိုစိတ်ထဲမှာ ဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီ ဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ ဒိထက်ပိုချမ်းသာအောင်လုပ်နေကြတဲ့ သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကို မပျောက်ပျက်အောင်အမြဲထိန်းသိမ်းနေရပါတယ်။
တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့ သတ်မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်လိုက်
ပါတယ်။သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။

ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို မရရှိကြပါဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့အနားသတ်လိုက်တယ်။
သူတို့ရဲ့ညီမျှခြင်းက လောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။
ကြာလာတော့ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာ
မရှိတော့ဘူး။သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။
သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကိုအရမ်းမတ်တဲ့ တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲ။
သူတို့တက်တာမြင့်လာလေလေအဲဒိကျောက်တုံးကြီးကို နောက်ပြန်
မကျအောင် အားပိုစိုက်ရလေလေပါပဲ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေ တုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေးတွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ
ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ထိပ်ဆုံးရောက် သွားကြတယ်။ဒါပေမယ့် နောက်ထပ်တက်ရမယ့် တောင်တွေအများကြီးရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင် မှုနောက်ကိုလိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကို
ဆုံးရှုံးလိုက်ရတယ်။ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးပါတယ်။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိက အကြောင်းရင်းတော့ မဟုတ်ပါဘူး။ ပိုက်ဆံကအစိတ်အပိုင်းတစ်ခုထက်မပိုပါဘူး။ ဒါပေမယ့် ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်ပါတယ်။ ပိုက်ဆံကပျော်ရွှင်မှုလို့ သင်သတ်မှတ်ရင်တော့ ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်း သပ်ကြည့်လို့ရပါတယ်။

သင်ကအဲ့ဒိလိုမထင်ဘူးဆိုရင်တော့ အောက်ပါနည်းလမ်း(၃)မျိုး
အတိုင်းစမ်းကြည့်လိုက်ပါ။ သင်ရဲ့ ကျနေတဲ့ စိတ်ဓာတ်တွေပြန်တက်လာပါလိမ့်မယ်။

(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။
ကျွန်တော်တို့ဘုရားရှင်ကပြောတယ်။ “The mind is everything.
What you think you become” –Buddha စိတ်ကအရာရာပါပဲ။ သင်တွေးတဲ့အတိုင်းသင်ဖြစ်လာလိမ့်မယ်။ ဥပမာ သင်ကြုံဖူးလား? သင်မှန်ထဲကြည့်လိုက်တော့ တစ်ခါတစ်လေ သင့်ရုပ်က ကြည့်ကောင်းနေတတ်ပါတယ်။ အဲဒိအချိန်ဆို သင့်ကိုယ်သင် အားရနေပါလိမ့်မယ်။ လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ အဲ့ဒိလိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံးလူသားမျိုးနွယ်တွေဖြစ်နေပါတယ်။
နှာခေါင်းမလှဘူး၊နားရွက်ကားတယ်၊မျက်လုံးကဆွေတယ် စသဖြင့် ကိုယ့်ကိုကိုတမုန်းကဲ့ရဲ့ပြီးစိတ်ဓာတ်ကိုအောက်ဆုံးထိဆွဲချလိုက်ကြ
တတ်ပါတယ်။ အဲဒိလိုနေ့မျိုးဆိုစိတ်ဓာတ်တွေကျလို့ပေါ့။

သင့်ကိုယ်သင်ယုံကြည်မှုကကျသွားတယ်။အကျိုးဆက်အနေနဲ့
တစ်နေ့လုံး ဘာလုပ်လုပ်အဆင် မပြေဖြစ်နေတတ်ပါတယ်။
ဘာကြောင့်လဲ ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်။ သင်ကလည်းအကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ တကယ်တော့ လွင့်မျောနေတဲ့တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။

အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။ ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်း ရပါတယ်။ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာ ရပါလိမ့်မယ်။သင်ဒီစာကိုဖတ်နေကတည်းက သင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာ သေချာပါတယ်။
သင့်အတွေးတွေ နည်းနည်းလောက်ပြောင်းကြည့်ပါ။
သင့်ရဲ့အထက်က သူတွေချည်းပဲမကြည့်ပါနဲ့။ မော့ကြည့်လွန်းရင်လည်း ဇာတ်ညောင်းတတ်ပါတယ်။ အညောင်းပြေအညာပြေ အောက်ကို တစ်ချက်လောက်ကြည့်ကြည်ပါ။

သင်စိတ်ဓာတ်ကျနေတယ်ဆိုရင်Busကားတွေကြားထဲပြေးလွှားပြီး
ပန်းရောင်းနေတဲ့ကလေးတွေ၊သူများကျောင်းစိမ်းဝတ်စုံလေးတေ
ကိုငေးကြည့်နေတဲ့ကလေးတွေ၊တစ်နေ့လုံးမှာ ထမင်းတစ်နပ်ပဲ စားရတဲ့သူတွေ၊အာဖရိကက၂ရက်မှတစ်ခါလောက်အစားအစာ
စားခွင့်ရတဲ့ကလေးတွေ သင်အားနာ နိုင်ပါတယ်။သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကို အားနာပါအုံး။မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကိုရင်ဆိုင်နိုင်ရင် သင်ကရော? သင့်မျက်လုံးမလှဘူးထင်ရင် တစ်ခါလောက်မျက်စိမှိတ်ပြီး လမ်းလျှောက်ကြည့်ပါအုံး။

မျက်စိမမြင်တဲ့သူတစ်ယောက်ဆိုရင်ရောဘယ်လိုနေမလဲ? သင်အရမ်းကံကောင်းပါတယ်။သင်ဒီစာကို ဖတ်နေနို်င်ပါတယ်။ဘ၀ရဲ့အလှအပတွေကိုခံစားနိုင်ပါတယ်။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။
ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။

“အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က
ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲ ၊စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့။ ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့”

လူတွေရဲ့အတွေးတွေဟာ
လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံးအကောင်းမြင်ကြည့်ပါ။ သင်အရင်ထက် စိတ်ချမ်းသာလာတာတွေ့ရပါလိမ့်မယ်။

(၂) သင့်ကိုသင်ချီးကျူးပါ။
သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကို ခဏလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ် တစ်ခုခုအောင်အောင်မြင်မြင်ပြီး ဆုံးသွားရင်သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အချင်းရှိပါတယ်။သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှ မရှိဘူးလို့ သင်ထင်လို့လား?ချီးကျူးစရာ တစ်ခုရအောင်ဖန်တီးပါ။ ဥပမာစိတ်သဘောထားကောင်းအောင် နေကြည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာကောင်းတဲ့အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကိုနှိမ့်ချပြီး နေကြည့်ပါ။ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့
အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူ တစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ဒါကလည်းတော်တော်ကို
ချီးကျူးစရာကောင်းတဲ့အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုပါဘူး။လုပ်ချင်တဲ့ဆန္ဒပဲလိုအပ်ပ
တယ်။ နောက်တစ်ချက် အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း
စိတ်ချမ်းသာပါတယ်။

(၃) ဘောင်ထဲမှာမနေပါနဲ့။
သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကို
မလုပ်နိုင်ဘူး၊ အခက်အခဲတစ်ခုကို မဖြတ်ကျော်နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။
ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ်းရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက် ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုယ်သင်ချီးကျူးဖို့အရာတွေ တိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။
ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊၀သည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍
သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာပါ။ လောကကြီးနဲ့
အသားကျဖို့ဆိုတာ အရင်ဆုံး သင့်ကိုယ်သင် လက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင်သင့်ရဲ့ရုပ်ရည်ဟာသိသိ
သာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြည့်နဲ့ အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။ အသားမည်းမည်းနဲ့ရုပ်ချောလို့လား?မချောပါဘူး။
ဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်း
ပါတယ်။သင့်ကိုယ်သင် ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည်ကို အများအမြင်မှာပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့်
သင့်ကိုသင်လက်ခံပါ။ယုံကြည်ပါ။

ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။ သင့်စိတ်ကိုအကျဉ်းမချထားပါနဲ့။

စိတ်ဓာတ်ကျနေသူတွေအတွက် အကျိုးတစ်စုံတစ်ရာရှိမယ်လို့ မျှော်လင့်ပါတယ်။

မိုးရှင်း (I.M.T)

www.reddotnetwork.com.mm
#reddotnetwork

Monday, March 9, 2015

သံသရာ သစ္စာ


★“သံသရာ သစ္စာ"♪♫

ပင်လယ်…
ကျယ်တယ်ဆိုတဲ့… ဂုဏ်အင်နဲ့…
ဆုံးစ မရှိဘူး ထင်ရပေမယ့် …
အနားသပ် ကမ်းစပ် ကတော့.. ရှိနေခဲ့တယ် ….၊
ဘ၀…
ရှည်လွန်းတယ်.. ဆိုတဲ့ အမြင်…
လျှောက်ရတာ.. ပင်ပန်းတယ် ထင်ရပေမဲ့…
ဇာတိ နဲ့ စ… မရဏ မှာ.. အဆုံးသတ်ပါတယ် .…။

ပင်လယ်…
“သင်ဖျာ”ကလေး ခင်းထားသလို…
လှိုင်းကြက်ခွပ်တို့… တစ်ငြိမ့်ငြိမ့်နဲ့…
သိမ့်သိမ့်ကလေး သာယာနေတတ်တယ်...၊
ဘ၀…
လိုအင် ဆန္ဒ မှန်သမျှ.. ရရှိ….
ငြိမ်းချမ်းခြင်း အတိပြီး…
ပျော်ရွှင်ခြင်း အပြည့်နဲ့.. ချမ်းမြေ့နေတတ်တယ်...။

ပင်လယ်…
ကြမ်းတမ်းတဲ့.. လှိုင်းတံပိုးထန်…
ဝုန်းဒိုင်းဆန်ခတ်လို့… တွေ့သမျှ ၀ါးမြို….
ဘေးဆိုးတွေ… ပိုစေတတ်တယ်…၊
ဘ၀….
ကြမ္မာက ရိုင်း… ကံက ခိုင်းလို့…
မုန်တိုင်း ဆင်သလို.. ငိုရတဲ့ နေ့တွေ …
လောကဓံ စေ … သောက ပွေတတ်တယ်….။

ပင်လယ်….
ဘယ်လောက် ကျယ်ကျယ် .. ဘယ်လို ရိုင်းရိုင်း …
ဖမ်းစားနိုင်တဲ့ ဂုဏ်အင် တစ်ကြိမ်မြင်ရုံနဲ့…
မခွဲချင်အောင်.. ခင်တွယ်စေတတ်တယ်...၊
ဘ၀….
ဘယ်လောက် ရှည်ရှည်.. ဘယ်လို ကြမ်းကြမ်း….
လျှောက်လှမ်းရတာ.. ပင်ပန်းပါစေ…
ထူးချင်လဲ ထူး… ရူးရင် ရူးစေ့….
မေ့မေ့မူးမူး.. အထူး တပ်မက်…
ရှင်သန်သက်တော့.. ရှည်ချင်ကြသည် ....။

ဘ၀ ပင်လယ်…
ကျင်လည်တဲ့ အခါ….
ဓန ဒါန.. သီလ ဘာဝနာ….
ဘယ်အရာ… ရရ…. ဘ၀ သမ္ပဇာဉ် ….
တပ်မက် နွယ်ငင်.. ငြိတွယ် လွယ်သော …
ကာမဇောဖြာ… သံသရာ သစ္စာ…..။

ထာဝရ "နွေဦးမေ"

Saturday, March 7, 2015

ပျို မေတို့ သိစေဖို့ 


ရင့်ကျက်သွားတဲ့
မိန်းကလေးတစ်ယောက်ရဲ့အပြုံးဆိုတာ
မျက်ဝန်းမှာပဲ တွေ့နိုင်တော့တာမျိုးပါ

သစ်ရွက်ကြွေတာမြင်ရင်
ရင်မခုန်တော့ပေမဲ့
ပတ်သက်ခဲ့ဖူးတဲ့ အတိတ်ကိုတော့
လွမ်းလွမ်းဆွေးဆွေး ပြန်ငေးမိတက်စမြဲပဲလေ

တည်ငြိမ်နေပြီ ပြောပြော
တစ်ယောက်တည်း ရပ်တည်နေနိုင်ပြီဆိုဆို
အားငယ်ချိန်တိုင်းတော့
ဘေးနားရှိနေစေချင်မိသေးတာပါ

မတွေ့မမြင်တာ ဘယ်လောက်ကြာကြာ
တခါတလေ အဆင်ပြေပါစေလို့ တော့
ဆုတောင်းပေးဖြစ်နေမြဲပေါ့

တကယ်တော့
ရင်မခုန်တက်တော့တာ မဟုတ်ပါဘူး
ခံစားချက်ကို အလိုမလိုက်ချင်တော့တာပါဟာ

( ပုံရိပ်စစ်)

Monday, March 2, 2015

သူနဲ့ကျွန်မ (၂)


သူနဲ့ကျွန်မ (၂)
------------------
သူသည် ကျွန်မတယုတယပျိုးခဲ့ရသော
ဆူးတွေချည်းပွင့်လာသော
နှင်းဆီတစ်ပင်ဖြစ်သည်။
သူသည် ကျွန်မနှလုံးသားပေါ်
တင်သွေးခဲ့ရသော မြှားချွန်တစ်စင်း ဖြစ်သည်။
သူသည် ကျွန်မရင်ဘတ်ပေါ်တွင်
ရေလောင်းပေါင်းသင်း ပျိုးခဲ့ရသော
ချွန်မြသော ဓါးတစ်စင်းဖြစ်သည်။
ကျွန်မ၏နေ့များ၊ ကျွန်မ၏ညများ
ကျွန်မ၏စက္ကန့်အချက်ချက်တိုင်း
သူ့နာမည်လေး၏ အဓိပ္ပါယ်ဖြင့်
ရှင်သန်ခဲ့ကြောင်း သူမှတပါး အခြားသူတိုင်းကို ကျွန်မပြောပြဝံ့ပါသည်။
ကျွန်မတို့ ချစ်ဖူးခဲ့ကြသည်။
ဘာနဲ့မှ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုစရာ မလိုတော့အောင်
ကျွန်မတို့ ချစ်ဖူးခဲ့ကြသည်။
သူ့ပုခုံးကို ခေါင်းမှီအုံးရုံမျှဖြင့်
လောကဓံအားလုံးကို ကျွန်မစိတ်ချခဲ့ဖူးသည်။
မိန်းမတစ်ယောက်၏ အချစ်နိုင်ဆုံးသော ချစ်ခြင်းအားဖြင့် ကျွန်မ သူ့ကို ချစ်မြတ်ရိုသေခဲ့သည်။
ယောက်ျားတစ်ယောက်၏ အရက်စက်နိုင်ဆုံးသော
ရက်စက်မှုများတွင်
သူများထက် ကျွန်မက ပိုမှောင်ခဲ့ရသည်။
သူများထက် ကျွန်မက ပိုနာခဲ့ရသည်။
သူများထက် ကျွန်မက ပိုငိုခဲ့ရသည်။
သူများထက် ကျွန်မက ပိုသေခဲ့ရသည်။
ကျွန်မ သေဆုံးသွားမှန်း သူမသိလောက်အောင်ကို
ကျွန်မတိတ်ဆိတ်စွာ မှောင်ခဲ့သည်။
ကျွန်မ၏ အသက်မဲ့သော နှုတ်ခမ်းများကို သူနမ်းသောအခါ စိမ်းရှသော လူသေနံ့ကို မာယာဖြင့်လွှမ်းမိုးသွားစေလောက်အောင်
ကျွန်မအရောင်က မှောင်ခဲ့ပြီဖြစ်သည်။
လွှင့်ပစ်ခဲ့သော မာနများကို
ကြေကွဲစွာ ကောက်ယူတပ်ဆင်
ချစ်ခဲ့ဖူးသမျှအတိတ်ကို ပုံပြင်လို နားဆင်ကာ
ကိုယ့်ကိုကိုယ်ချော့သိပ်ခဲ့ရသော ညများ
ထူထပ်လာခဲ့သည်။
နှလုံးသားကို နှလုံးသားနှင့် ခံစားမရနိုင်သောအခါ
အတူယှဉ်တွဲနေထိုင်ရခြင်းသည် တာဝန်ဝတ္တရား ဖြစ်လာခဲ့သည်။
သူရော ကျွန်မပါ
မည်သည့်အရာနှင့်မှ စစ်ထုတ်သန့်စင်မရတော့အောင် နာကျည်းမှုအထပ်ထပ်နှင့် နောက်ကျိခဲ့ပြီဖြစ်သည်။
သူက ဒေါ်လာဈေးနှင့် ကိန်းဂဏန်းများကို
ရေရွတ်နေချိန်တွင်
ကျွန်မက သီချင်းတစ်ပုဒ်ကို သဲ့သဲ့ညည်းနေခဲ့သည်။
သူက ကားဂျာနယ် အိမ်ဂျာနယ်ကို အံကျိတ်ဖတ်နေစဉ်အချိန်တွင်
ကျွန်မ ရသစာပေတစ်အုပ်နှင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့သည်။
သူက ဘဝဆိုတာတိုက်ပွဲလို့ လက်သီးလက်မောင်းတန်းနေစဉ်အချိန်တွင်
ကျွန်မက ဝလုံးလေးတွေကို ဝိုင်းအောင်ရေးနေခဲ့သည်။
သုညလေးတွေကို သီတံတွင်သီကာ ညယံလှလှကို စိတ်ကူးနှင့် ပန်ဆင်ပေးနေခဲ့သည်။
"မိဖုရားပဲ လိုချင်ခဲ့တာ။ ဘုရင်မကို ငါမုန်းတယ်" ဟု
သူဆိုလာချိန်တွင် ကစားပွဲက ပြီးခဲ့ပြီဖြစ်သည်။
သူက နိုင်သည်ထင်၍ စားသုံးနေသော အပျော်များတွင်
ကျွန်မလက်ဖြင့် ခပ်သော အဆိပ်များ ပြာနှမ်းတုန်ခါလျက်။
ကျွန်မ ခပ်အက်အက်ရယ်မောပစ်လိုက်မိသည်။
သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ အမုန်းဟာ
သေသွားရုံဖြင့် မလုံလောက်မှန်း သူ့ကို သိစေချင်လွန်းလှသည်။
ကျွန်မပေးသော အနမ်းများသည် နာကျည်းမှုဖြင့် စိမ်းလဲ့တောက်ပနေမှန်း ကျွန်မစိတ်ကို ဘယ်တော့မှ ဖတ်တတ်မှာ မဟုတ်တဲ့သူက ဘယ်သိနိုင်လိမ့်မလေလဲ
"မင်း ပြောင်းလဲသွားသလိုပဲ။"
ကျွန်မကို ပွေ့ဖက်ထားရင်း ဆိုလာသည့်
သူအပြောကို ကျွန်မက အေးစက်စွာ တစ်ချက်ရယ်လိုက်သည်။
စိတ်ထင်လို့နေမှာပါ မောင်ရဲ့ လို့ ကျွန်မက ခပ်ဝါးဝါးဆိုတော့ သူ့မျက်မှောင်တွေ ပိုကျုံ့လာခဲ့သည်။
"ငါသိတယ်။ မင်းကိုငါ ကောင်းကောင်းသိတယ်"
ကျွန်မကို သိသတဲ့လား။ ကျွန်မကို သူက သိသတဲ့လားလေ။
"ရှင် မသိပါဘူး။ရှင်ကျွန်မကို ဘယ်တုန်းကမှ မသိခဲ့ဘူး။ ကျွန်မ မျက်ဝန်းတွေထဲကို ကြည့်ပြီး
ဘာတွေခံစားနေရလဲ အချစ်ရယ်လို့ ရှင်မလေ့လာမိတာ မမှတ်မိနိုင်လောက်အောင် ကြာခဲ့ပြီ။ ကျွန်မပြောင်းလဲသွားတာ ရှင်ခုမှ သိသတဲ့လား။ သိပ်ညံ့တဲ့ ယောက်ျားပဲ။
ကျွန်မ ခုလိုပြောင်းလဲသွားအောင်
ရှင့်ဆီက ပြောင်းလဲမှုတွေကို ဘယ်လိုနှလုံးသားနဲ့ ထမ်းပိုး ခံစားခဲ့ရသလဲလို့ ကျွန်မကို တစ်ခါလောက် မေးစမ်းပါ။ "
"ကျွန်မက ရှင့်ရဲ့အရုပ်။ အချစ်ဆိုတာတစ်ခုအတွက် တစ်ဘဝလုံး ကုန်အောင် ရှုံးရဲခဲ့တဲ့ သောက်တလွဲ သူရဲကောင်းမ။ ရှင့်ရဲ့ ခပ်တိုးတိုးရယ်သံအောက်က ထာဝရအကျဉ်းသား။ ရှင်ညနက်ပြီး ပြန်လာတဲ့ ညတိုင်း အေးအေးချမ်းချမ်း အိပ်ပျော်နေနိုင်အောင် ကျွမ်းလောင်ခဲ့တဲ့ မျက်ရည်ညတွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ ဆိုတာ ကျွန်မကို စိတ်ဝင်တစား မေးစမ်းပါ"
"လိင်ရမ္မက်နဲ့ ပိုက်ဆံကလွဲရင်
ဘာမှမပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ဟာ ပြည့်တန်ဆာစော် သိပ်နံတယ် မောင်ရဲ့။
ကျွန်မ ဆက်မနေပါရစေနဲ့"
"ကျွန်မကို ကွာရှင်းပေးပါ"
နောက်ဆုံးစကားကို မတုန်မလှုပ်ပြောနိုင်ခဲ့သည့်အတွက်
ကိုယ့်ကိုကိုယ် ထိပ်လန့်စွာ ကျေနပ်ခဲ့မိသည်။
ကိုယ်ချိုးဖျက်ထွက်လာသည့် ခြေလှမ်းတိုင်းမှာ
အထီးကျန်မှု ရောစွက်သော ယုံကြည်မှုက အပြည့်။
ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
လမင်းကြီးက ငုံ့ကြည့်ကာဆိုသည်။
"ရင်ဖွင့်ရင် ဖွင့်လိုက်ပါလား"တဲ့။
ဟင့်အင်း. . . ပွင့်နေတဲ့ ရင်ကို ပြန်ပိတ်ဖို့ ကြိုးစားနေတာ။
နှစ်များစွာ တယုတယ စိုက်ပျိုးခဲ့ရသော ဆူးမို့
ထွင်မိချိန်တွင် သွေးကလွန်ခဲ့ပြီ။
ကိုယ့်လက်ကိုယ်ပိုက်ကာ သပ်သပ်ရပ်ရပ်
ရှေ့ဆက်မည်။
ကျွန်မ ချမ်းသည်။
အထီးကျန်မှုတွေ ဝေ့ဝဲလာတိုင်း ကျွန်မချမ်းသည်။
ဤသို့ ဤပုံ ဝေးခဲ့ရသော
ကျွန်မညတွေမှာ
နှင်း . . တွေ. . နဲ့
ဘဒ္ဒါ