Monday, March 9, 2015

သံသရာ သစ္စာ


★“သံသရာ သစ္စာ"♪♫

ပင်လယ်…
ကျယ်တယ်ဆိုတဲ့… ဂုဏ်အင်နဲ့…
ဆုံးစ မရှိဘူး ထင်ရပေမယ့် …
အနားသပ် ကမ်းစပ် ကတော့.. ရှိနေခဲ့တယ် ….၊
ဘ၀…
ရှည်လွန်းတယ်.. ဆိုတဲ့ အမြင်…
လျှောက်ရတာ.. ပင်ပန်းတယ် ထင်ရပေမဲ့…
ဇာတိ နဲ့ စ… မရဏ မှာ.. အဆုံးသတ်ပါတယ် .…။

ပင်လယ်…
“သင်ဖျာ”ကလေး ခင်းထားသလို…
လှိုင်းကြက်ခွပ်တို့… တစ်ငြိမ့်ငြိမ့်နဲ့…
သိမ့်သိမ့်ကလေး သာယာနေတတ်တယ်...၊
ဘ၀…
လိုအင် ဆန္ဒ မှန်သမျှ.. ရရှိ….
ငြိမ်းချမ်းခြင်း အတိပြီး…
ပျော်ရွှင်ခြင်း အပြည့်နဲ့.. ချမ်းမြေ့နေတတ်တယ်...။

ပင်လယ်…
ကြမ်းတမ်းတဲ့.. လှိုင်းတံပိုးထန်…
ဝုန်းဒိုင်းဆန်ခတ်လို့… တွေ့သမျှ ၀ါးမြို….
ဘေးဆိုးတွေ… ပိုစေတတ်တယ်…၊
ဘ၀….
ကြမ္မာက ရိုင်း… ကံက ခိုင်းလို့…
မုန်တိုင်း ဆင်သလို.. ငိုရတဲ့ နေ့တွေ …
လောကဓံ စေ … သောက ပွေတတ်တယ်….။

ပင်လယ်….
ဘယ်လောက် ကျယ်ကျယ် .. ဘယ်လို ရိုင်းရိုင်း …
ဖမ်းစားနိုင်တဲ့ ဂုဏ်အင် တစ်ကြိမ်မြင်ရုံနဲ့…
မခွဲချင်အောင်.. ခင်တွယ်စေတတ်တယ်...၊
ဘ၀….
ဘယ်လောက် ရှည်ရှည်.. ဘယ်လို ကြမ်းကြမ်း….
လျှောက်လှမ်းရတာ.. ပင်ပန်းပါစေ…
ထူးချင်လဲ ထူး… ရူးရင် ရူးစေ့….
မေ့မေ့မူးမူး.. အထူး တပ်မက်…
ရှင်သန်သက်တော့.. ရှည်ချင်ကြသည် ....။

ဘ၀ ပင်လယ်…
ကျင်လည်တဲ့ အခါ….
ဓန ဒါန.. သီလ ဘာဝနာ….
ဘယ်အရာ… ရရ…. ဘ၀ သမ္ပဇာဉ် ….
တပ်မက် နွယ်ငင်.. ငြိတွယ် လွယ်သော …
ကာမဇောဖြာ… သံသရာ သစ္စာ…..။

ထာဝရ "နွေဦးမေ"

No comments:

Post a Comment