သူနဲ့ကျွန်မ (၂)
------------------
သူသည် ကျွန်မတယုတယပျိုးခဲ့ရသော
ဆူးတွေချည်းပွင့်လာသော
နှင်းဆီတစ်ပင်ဖြစ်သည်။
သူသည် ကျွန်မနှလုံးသားပေါ်
တင်သွေးခဲ့ရသော မြှားချွန်တစ်စင်း ဖြစ်သည်။
သူသည် ကျွန်မရင်ဘတ်ပေါ်တွင်
ရေလောင်းပေါင်းသင်း ပျိုးခဲ့ရသော
ချွန်မြသော ဓါးတစ်စင်းဖြစ်သည်။
ကျွန်မ၏နေ့များ၊ ကျွန်မ၏ညများ
ကျွန်မ၏စက္ကန့်အချက်ချက်တိုင်း
သူ့နာမည်လေး၏ အဓိပ္ပါယ်ဖြင့်
ရှင်သန်ခဲ့ကြောင်း သူမှတပါး အခြားသူတိုင်းကို ကျွန်မပြောပြဝံ့ပါသည်။
ကျွန်မတို့ ချစ်ဖူးခဲ့ကြသည်။
ဘာနဲ့မှ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုစရာ မလိုတော့အောင်
ကျွန်မတို့ ချစ်ဖူးခဲ့ကြသည်။
သူ့ပုခုံးကို ခေါင်းမှီအုံးရုံမျှဖြင့်
လောကဓံအားလုံးကို ကျွန်မစိတ်ချခဲ့ဖူးသည်။
မိန်းမတစ်ယောက်၏ အချစ်နိုင်ဆုံးသော ချစ်ခြင်းအားဖြင့် ကျွန်မ သူ့ကို ချစ်မြတ်ရိုသေခဲ့သည်။
ယောက်ျားတစ်ယောက်၏ အရက်စက်နိုင်ဆုံးသော
ရက်စက်မှုများတွင်
သူများထက် ကျွန်မက ပိုမှောင်ခဲ့ရသည်။
သူများထက် ကျွန်မက ပိုနာခဲ့ရသည်။
သူများထက် ကျွန်မက ပိုငိုခဲ့ရသည်။
သူများထက် ကျွန်မက ပိုသေခဲ့ရသည်။
ကျွန်မ သေဆုံးသွားမှန်း သူမသိလောက်အောင်ကို
ကျွန်မတိတ်ဆိတ်စွာ မှောင်ခဲ့သည်။
ကျွန်မ၏ အသက်မဲ့သော နှုတ်ခမ်းများကို သူနမ်းသောအခါ စိမ်းရှသော လူသေနံ့ကို မာယာဖြင့်လွှမ်းမိုးသွားစေလောက်အောင်
ကျွန်မအရောင်က မှောင်ခဲ့ပြီဖြစ်သည်။
လွှင့်ပစ်ခဲ့သော မာနများကို
ကြေကွဲစွာ ကောက်ယူတပ်ဆင်
ချစ်ခဲ့ဖူးသမျှအတိတ်ကို ပုံပြင်လို နားဆင်ကာ
ကိုယ့်ကိုကိုယ်ချော့သိပ်ခဲ့ရသော ညများ
ထူထပ်လာခဲ့သည်။
နှလုံးသားကို နှလုံးသားနှင့် ခံစားမရနိုင်သောအခါ
အတူယှဉ်တွဲနေထိုင်ရခြင်းသည် တာဝန်ဝတ္တရား ဖြစ်လာခဲ့သည်။
သူရော ကျွန်မပါ
မည်သည့်အရာနှင့်မှ စစ်ထုတ်သန့်စင်မရတော့အောင် နာကျည်းမှုအထပ်ထပ်နှင့် နောက်ကျိခဲ့ပြီဖြစ်သည်။
သူက ဒေါ်လာဈေးနှင့် ကိန်းဂဏန်းများကို
ရေရွတ်နေချိန်တွင်
ကျွန်မက သီချင်းတစ်ပုဒ်ကို သဲ့သဲ့ညည်းနေခဲ့သည်။
သူက ကားဂျာနယ် အိမ်ဂျာနယ်ကို အံကျိတ်ဖတ်နေစဉ်အချိန်တွင်
ကျွန်မ ရသစာပေတစ်အုပ်နှင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့သည်။
သူက ဘဝဆိုတာတိုက်ပွဲလို့ လက်သီးလက်မောင်းတန်းနေစဉ်အချိန်တွင်
ကျွန်မက ဝလုံးလေးတွေကို ဝိုင်းအောင်ရေးနေခဲ့သည်။
သုညလေးတွေကို သီတံတွင်သီကာ ညယံလှလှကို စိတ်ကူးနှင့် ပန်ဆင်ပေးနေခဲ့သည်။
"မိဖုရားပဲ လိုချင်ခဲ့တာ။ ဘုရင်မကို ငါမုန်းတယ်" ဟု
သူဆိုလာချိန်တွင် ကစားပွဲက ပြီးခဲ့ပြီဖြစ်သည်။
သူက နိုင်သည်ထင်၍ စားသုံးနေသော အပျော်များတွင်
ကျွန်မလက်ဖြင့် ခပ်သော အဆိပ်များ ပြာနှမ်းတုန်ခါလျက်။
ကျွန်မ ခပ်အက်အက်ရယ်မောပစ်လိုက်မိသည်။
သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ အမုန်းဟာ
သေသွားရုံဖြင့် မလုံလောက်မှန်း သူ့ကို သိစေချင်လွန်းလှသည်။
ကျွန်မပေးသော အနမ်းများသည် နာကျည်းမှုဖြင့် စိမ်းလဲ့တောက်ပနေမှန်း ကျွန်မစိတ်ကို ဘယ်တော့မှ ဖတ်တတ်မှာ မဟုတ်တဲ့သူက ဘယ်သိနိုင်လိမ့်မလေလဲ
"မင်း ပြောင်းလဲသွားသလိုပဲ။"
ကျွန်မကို ပွေ့ဖက်ထားရင်း ဆိုလာသည့်
သူအပြောကို ကျွန်မက အေးစက်စွာ တစ်ချက်ရယ်လိုက်သည်။
စိတ်ထင်လို့နေမှာပါ မောင်ရဲ့ လို့ ကျွန်မက ခပ်ဝါးဝါးဆိုတော့ သူ့မျက်မှောင်တွေ ပိုကျုံ့လာခဲ့သည်။
"ငါသိတယ်။ မင်းကိုငါ ကောင်းကောင်းသိတယ်"
ကျွန်မကို သိသတဲ့လား။ ကျွန်မကို သူက သိသတဲ့လားလေ။
"ရှင် မသိပါဘူး။ရှင်ကျွန်မကို ဘယ်တုန်းကမှ မသိခဲ့ဘူး။ ကျွန်မ မျက်ဝန်းတွေထဲကို ကြည့်ပြီး
ဘာတွေခံစားနေရလဲ အချစ်ရယ်လို့ ရှင်မလေ့လာမိတာ မမှတ်မိနိုင်လောက်အောင် ကြာခဲ့ပြီ။ ကျွန်မပြောင်းလဲသွားတာ ရှင်ခုမှ သိသတဲ့လား။ သိပ်ညံ့တဲ့ ယောက်ျားပဲ။
ကျွန်မ ခုလိုပြောင်းလဲသွားအောင်
ရှင့်ဆီက ပြောင်းလဲမှုတွေကို ဘယ်လိုနှလုံးသားနဲ့ ထမ်းပိုး ခံစားခဲ့ရသလဲလို့ ကျွန်မကို တစ်ခါလောက် မေးစမ်းပါ။ "
"ကျွန်မက ရှင့်ရဲ့အရုပ်။ အချစ်ဆိုတာတစ်ခုအတွက် တစ်ဘဝလုံး ကုန်အောင် ရှုံးရဲခဲ့တဲ့ သောက်တလွဲ သူရဲကောင်းမ။ ရှင့်ရဲ့ ခပ်တိုးတိုးရယ်သံအောက်က ထာဝရအကျဉ်းသား။ ရှင်ညနက်ပြီး ပြန်လာတဲ့ ညတိုင်း အေးအေးချမ်းချမ်း အိပ်ပျော်နေနိုင်အောင် ကျွမ်းလောင်ခဲ့တဲ့ မျက်ရည်ညတွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ ဆိုတာ ကျွန်မကို စိတ်ဝင်တစား မေးစမ်းပါ"
"လိင်ရမ္မက်နဲ့ ပိုက်ဆံကလွဲရင်
ဘာမှမပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ဟာ ပြည့်တန်ဆာစော် သိပ်နံတယ် မောင်ရဲ့။
ကျွန်မ ဆက်မနေပါရစေနဲ့"
"ကျွန်မကို ကွာရှင်းပေးပါ"
နောက်ဆုံးစကားကို မတုန်မလှုပ်ပြောနိုင်ခဲ့သည့်အတွက်
ကိုယ့်ကိုကိုယ် ထိပ်လန့်စွာ ကျေနပ်ခဲ့မိသည်။
ကိုယ်ချိုးဖျက်ထွက်လာသည့် ခြေလှမ်းတိုင်းမှာ
အထီးကျန်မှု ရောစွက်သော ယုံကြည်မှုက အပြည့်။
ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
လမင်းကြီးက ငုံ့ကြည့်ကာဆိုသည်။
"ရင်ဖွင့်ရင် ဖွင့်လိုက်ပါလား"တဲ့။
ဟင့်အင်း. . . ပွင့်နေတဲ့ ရင်ကို ပြန်ပိတ်ဖို့ ကြိုးစားနေတာ။
နှစ်များစွာ တယုတယ စိုက်ပျိုးခဲ့ရသော ဆူးမို့
ထွင်မိချိန်တွင် သွေးကလွန်ခဲ့ပြီ။
ကိုယ့်လက်ကိုယ်ပိုက်ကာ သပ်သပ်ရပ်ရပ်
ရှေ့ဆက်မည်။
ကျွန်မ ချမ်းသည်။
အထီးကျန်မှုတွေ ဝေ့ဝဲလာတိုင်း ကျွန်မချမ်းသည်။
ဤသို့ ဤပုံ ဝေးခဲ့ရသော
ကျွန်မညတွေမှာ
နှင်း . . တွေ. . နဲ့
ဘဒ္ဒါ
No comments:
Post a Comment