Thursday, August 15, 2013

ရာသက်ပန် ဖျက်သိမ်း

ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။


ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။

~ မင်းလူ ~

No comments:

Post a Comment