Monday, December 29, 2014

မောင်လို့ခေါ်မိ အပြစ်ရှိ


မောင်လို့ခေါ်မိ အပြစ်ရှိ
****************
အပြစ်မရှိဘဲ အပြစ်ရှာတာ
အချစ်ကြောင့်တဲ့လား...
ကျမ မျက်ရည် ယူသွားပါမောင်
ဒါဟာ အပြစ်မဟုတ်တဲ့ ဖြူစင်ခြင်းနဲ့
ရှင့်ကိုချစ်ကြောင်းပါ...

ရင်မှာပွင့်ကြတာချင်းတူတူ
ဘာလို့များ
ကျမက အဖြူ
မောင်က အဝါ
ကွဲပြားခဲ့ပါသလဲ??
အဖြေထုတ်ပြရင်
ကျိုးကြောင်းဆီလျော်မှ အမှန်ဖြစ်မဲ့ပုစ္ဆာကို
အလွဲနဲ့ အမှတ်မလိုချင်ပါနဲ့...
မအောင်မြင်ရင် နေပါစေ
ကျမကအမှန်ဘဲဖြစ်ချင်တယ်...
မချစ်ရင် ရပါတယ်
ဒါကြောင့်ဆိုတာတွေကတော့
ကြက်ခြေခတ်ရဲတယ်
ကျမ အချစ်က
ပန်းဝင်မှ ပေးတဲ့ဆုမှမဟုတ်ဘဲ
ရေပါဖို့မလိုပါဘူး
ခပ်တာလေးဘဲမြင်ချင်တယ်
ဗေဒါဝီရသေ့လို...
အကြီးအငယ် နေရာရွေးလို့
အငယ်ဦးစားပေးတာလိုချင်ရင်
ရှေ့မှာနေရတဲ့လူကို
လေးစားမှုပေးရတယ်
ဗိုလ်ကျပါ မောင်
တဖက်သတ်တော့မဆန်စေနဲ့...
အချစ်ဆိုတာ
လိုချင်တာရရင် ကြည်နူးပျော်ရွှင်တယ်
ကျမကိုချုပ်နှောင်ခြင်းက
ပျော်အောင်ထားရင် တသက်လုံးနေမယ်
ငိုရတဲ့အချစ်ကိုတော့
အစောဆုံးသာ လမ်းခွဲချင်တယ်
စိတ်ဆင်းရဲတဲ့ အချစ်ကို
မောင့်ကိုပေးဖူးပါသလား...
ဟင့်အင်း
မောင်လို့ဘဲ ခေါ်ချင်တယ်
တကမ္ဘာလုံး မောင်နာမည်သုံးပါစေ
ကျမခေါ်ရင် ထူးပါ မောင်
အသဲနှလုံးက တိုက်ရိုက်ထုတ်လွှင့်တဲ့
တဦးထဲသောချစ်သူ ထံသို့
တကြောင်းထဲပို့တဲ့ အချစ်ပါ
မောင်လို့မောင့်ကိုခေါ်တာမျိုး
အစားထိုးမရပါဘူး...
မောင်လို့ခေါ်တာများ...
အပြစ်တဲ့လား..မောင်ရယ်...
ပန်းသီးခါး
၂၈.၁၂.၂၀၁၄

Sunday, December 28, 2014

မမေ့ပါနဲ့


မမေ့ပါနဲ့………
သင့်ဘဝထဲက အခက်အခဲတွေများစွာက
သင့်အတွက် တစ်နေ့နေ့မှာ အောင်မြင်ခြင်းတွေဆီကို
ရောက်အောင်လမ်းပြပေးနိုင်တယ်
သင့်ဘဝထဲက မျက်ရည်ကျစရာသင်ခန်းစာတွေများစွာက
သင့်အတွက် တစ်နေ့နေ့မှာ အဆိုးဆုံးအခက်အခဲတွေကိုလဲ
ရင်ဆိုင်ကျော်ဖြတ်ရဲအောင် သတ္တိတွေပေးနိုင်တယ်
သင့်ဘဝထဲက စိတ်ညစ်စရာတွေများစွာက
သင့်အတွက် တစ်နေ့နေ့မှာ တစ်ခြားသူတွေအပေါ် မှီခိုခြင်း
ကင်းစွာနဲ့ မားမားမတ်မတ်ရပ်တည်သွားတတ်အောင် သင်ပြပေးနိုင်တယ်
အဲ့ဒါကြောင့် …
သင့်ရဲ့ဘဝမှာ အခက်အခဲတွေရှိလာတိုင်း…
မျက်ရည်ကျစရာ သင်ခန်းစာတွေ ခံစားလိုက်ရတိုင်း…
စိတ်ညစ်စရာတွေ ပိုင်ဆိုင်နေရတိုင်း…
စိတ်ဓါတ်မကျပါနဲ့ …အကောင်းဆုံးသင်ခန်းစာတွေအဖြစ်သာ
သင်ယူထားနိုင်အောင် ကြိုးစားပစ်လိုက်ပါနော်……
Khin Myo Aye

Friday, December 26, 2014

ရေနည်းရပ်ဝန်း .


ရေနည်းရပ်ဝန်း .
အရာရာသွေ့ ခြောက်လို့ပါ
အရာရာကွဲအက်လို့ပါ
အရာရာပေါက်ထွက်လို့ပါ ။
နေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
ဖြေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
သေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
ဘယ်အရာမဆိုဆူးဟာထောင်ရက်သား ။
အိပ်လို့လည်းမပျော်ခဲ့တာတွေ
ခေါ်လို့လည်းမကြားခဲ့တာတွေ
နားလို့လည်းမရခဲ့တာတွေ
အဟန့်အတားဟာခဲလို့ပျစ်လို့ပါ ။
အသက်ရှုသံဟာကျပ်ခဲ့တယ်ဆိုပါတော့
အနွေးဓါတ်ဟာပြတ်ခဲ့တယ်ဆိုပါတော့
ကျောပေါ်ကဒဏ်ရာဟာလည်း
ထပ်ခဲ့ရတယ်ပဲဆိုပါတော့ ။
အော်ပြောလိုက်ရင်ဖြစ်မလား
အော်ဟစ်လိုက်ရင်ရမလား
ဒီဝဋ်ကဒီမှာရပ်ခဲ့ဖို့
ဒီဆိုးညစ်မှုကိုဒီမှာတန့်ခဲ့ဖို့ ။
စိမ်းလန်းခြင်းကိုမျှော်မိခဲ့ပေမယ့်
ဘယ်တော့မှပေါ်မလာခဲ့ခြင်းမှာ
စို့လာတဲ့ဝမ်းနည်းမှုကိုအသာထိန်း
ဖြည်းဖြည်းပဲတိမ်းခဲ့ချင်ပါတယ်
အေးအေးစက်စက်ပဲနင်းထွက်ခဲ့ချင်ပါတယ် ။
အထိတ်တလန့်
ပြုတ်ကျလာတဲ့ကြမ္မာဟာ
ပိုကောင်းလာခဲ့ဦးမယ်ဆိုရင်ပေါ့ ။ ။
ကိုထက်-ရေဦး
6 , 10 , 2 0 1 4

Thursday, December 25, 2014

အလွမ်းခြွေတဲ့ ဆောင်း


***" အလွမ်းခြွေတဲ့ ဆောင်း "***
သက္ကရာဇ်တစ်ခု အသစ်ပြောင်းးး...
တစ်ဆောင်းယွန်းတော့မယ် မောင်ရယ်..
ဒီတစ်နွေကို.. မေရင်ဆိုင်ရဦးမယ်...
မောင်မပါ.. ဒီလမ်းး မောပန်းလွန်းလှတယ်...။

ဒီဇင်္ဘာရယ် အကြိုထောက်ပေမယ့်...
နှင်းပွင့်လေးတွေ အရောက် နောက်ကျခဲ့တယ်...
နှင်းပျောက်ကန္တာ အလယ်မှာ...
ဆောင်းဟာ မပီပြင် ၀ိုးတ၀ါးနဲ့...
နှင်းပွင့်လေးရဲ့ နှုတ်ဆက်အနမ်းမှာ...
မေ ဘယ်လို ချမ်းမြေ့နိုင်ပါ့မလဲ....။
နှင်း ချွေခဲ့တဲ့ ဆောင်းဟာ...
မေ့ ရင်ကို အပူတိုက်နေခဲ့တယ်...
တစ်သက်မခွဲ တွဲမယ့် လက် ဆို.....
မေ ဘယ်လို ဖြေရမှာလဲကွယ်....
မောင်ကလည်းးး ဖြုတ်မချပါဘဲ...
မေကလည်းးး တစ်ခုပ်တရ တွဲထားပါလျှက်...
ကမ္ဘာတစ်ခြားစီ... ပြုတ်ထွက် ဝေးကွာခဲ့ရတယ်....။
မပီပြင်လှတဲ့.. ဆောင်းရင်ခွင်ထဲ.....
လွမ်းနေတယ် ပြောမထွက်ရဲအောင်....
မေ လွမ်းနေတယ် မောင်ရယ်.......
အလွမ်းတွေကို... ပန်းလို မမျှောချင်ပေမယ့်....
ကျမပဋာ ရင်မှ... သောကအပူ...
ပန်းကလေးတွေရယ်.. ယူဆောင်သွားလှဲ့ပါ....။
ဘ၀ ဆိုတာ....
သံသရာ တစ်သက်ဆို...
ဒီရေစက်မျိုးးး မကြုံလိုတော့ပါ...
ဝဋ်ကြွေးရှိက ဒီဘဝမှာသာ.. ပြေပါရစေ မောင်ရယ်...။
ထာဝရ "နွေဦးမေ"

ယခုလောလောဆယ်


မိုးစက်တွေ သန်းပေါင်းများစွာ ထဲ တစ်ယောက်ထဲ စိတ်ကို ဒရွတ်တိုက်ဆွဲခေါ်သွားတယ် ငိုနေမယ့်မျက်ဝန်းတွေကို ကောင်းကင်ပေါ်မော့လိုက်တာနဲ့ အဲ့ဒီမျက်ရည်တွေအကုန် ရောက်ရာပေါက်ရာ စီးဆင်းသွားပေမပေါ့  ဒီစိတ်နဲ့ ငါ ငိုတယ် တိတိပပ မရှိတဲ့ အကြောင်းပြချက်တွေနောက်လိုက်ရင်းကြေကွဲနေတဲ့ ကိုယ့်စိတ်တွေ အယောင်ယောင်အမှားမှား လေ လွင့် တစ်ယောက်ကတစ်ယောက်ကို ညာတယ် ငါတို့ ပျော်ခဲ့ကြဘူးလား။ကိုယ့်နှလုးံသားကို ရိုက်ပုတ်ပြီးပြန်မေးကြည့်ရတယ်

 https://www.facebook.com/notes/khin-oo/%E1%80%9A%E1%80%81%E1%80%AF%E1%80%B1%E1%80%9C%E1%80%AC%E1%80%B1%E1%80%9C%E1%80%AC%E1%80%86%E1%80%9A%E1%80%B9/386456681502662?pnref=story

Tuesday, December 23, 2014

ဗိုက်ဗာဖေ့ဘုတ်အရင်းထုတ်၍ နှာထစရာဤကမ္ဘာ


ဗိုက်ဗာဖေ့ဘုတ်အရင်းထုတ်၍ နှာထစရာဤကမ္ဘာ ~~~~
ဆိုရှယ်နက်ဝပ်တွေပေါ်လာကြတော့ ရိုးတိုးရွတပုရိသအတွက်
မဟာဒုလ္လဘရခဲ့လှစွာသော အခွင့်အရေးကြီးရလိုက်သလိုပါပဲ ။
အရင်က လဖက်ရည်ဆိုင် ၊ ဆိုက်ကားဂိတ် ၊ အရက်ဆိုင်တွေကနေ
မိန်းခလေးများဖြတ်လျှောက်သွားတာနဲ့ဟေ့ဟေ့ ၊ ရွတ် ၊ ပွတ်စ် လုပ်
နေတဲ့ ပုရိသယောင်္ကျားများအဖို့စမတ်ဖုန်းတလုံးရယ် အင်တာနက်လိုင်းရယ်
ရှိရင် အိုကေမှာ စိုပြေသပ ။ နီးစပ်ရာလူတွေဆီက မိန်းခလေးလှလှ
ဖုန်းနံပါတ်လေးတွေရှာ ဗိုက်ဗာမှာ အပ် ၊ ပထမ တရက်လောက်ကို ခင်ချင်
တယ် ဘာညာလုပ် ၊ ဒုတိယရက်လောက်မှာ ရည်းစားစကားပြော ၊ အဟေဟေး
ဟန်ကိုကျလို့ ။

ဖေ့ဘုတ်ဆိုပိုတောင်မိုက်သေး ၊ ပိုစ့်အမျိုးမျိုးနဲ့တင်ထားတဲ့ မိန်းခလေးပေါင်းများ
စွာထဲက ခေါင်းခေါက်ရွေးရတာ ကိုကိုပုရိသတို့ မာန်တောင်တက်နေသေးတယ် ။
မသိရင် သူတို့ရွေးဖို့ပဲ ဓါတ်ပုံတွေရိုက်ပြီး တင်ထားသလိုလို။ ပုရိသ ကိုကို တို့ပဲ
ဟန်ကျသလားဆိုတော့ မဟုတ်ပါဘူး ။ မိဘက ရည်းစားထားရင်
သတ်မယ်ကြိမ်းထားတဲ့ အိမ်တွင်းပုန်းမမ ၊ ရုပ်ရည်လေးနည်းနည်းဆိုလို့ အပြင်
မှာ မဖလန်းနိုင်တဲ့ အပျိုကြီးလေဒီတွေ ၊ ကလေးတဖက်နဲ့မို့ အပြင်ဘက်မလှည့်
နိုင်တဲ့ စင်ဂယ်မားသားတွေ အဖို့လည်း အင်တာနက်က သိပ်အသုံးကျသဗျ ။
ကြီးကြီးငယ်ငယ် ပျိုပျိုရွယ်ရွယ် ၊ အိမ်ထောင်ရှိ ၊ ကလေးအဖေ ၊ ကလေးအမေ
တခုလပ် မုဆိုးမ တလင်ကွာ အစရှိသဖြင့် အပြင်မှာမဖလန်းနိုင်သူများအတွက်မူ
ဆိုရှယ်နက်ဝပ်များသည် မွှေ့လျော်ပျော်ပါးကစားရာ နေရာကြီးဖြစ်လာလေတယ် ။
ဖုန်းနံပါတ်အပြန်အလှန်ပေး ၊ ဖုန်းထဲမှာကျု ကြ ။ အို အဟင့် အဟင့် ညီမလေး
ကိုကြီး ချစ် ဆိုးတယ်ကွာ မောင် ကိုကို သဲ အစရှိသဖြင့် ဗိုက်ဗာနှင့် ဖေ့ဘုတ်တခွင်မှာ
ခေတ်သစ် လူများအတွက် တဏှာပေမတကြော တောထစရာ ဗျုဟာကွင်းပေတည်း။
မြင်မြင်သာမျှ သာဓုသာခေါ်ကြပါကုန် ။

ခိုင်မြဲကျော်ကျော်
 https://www.facebook.com/photo.php?fbid=933496836662917&set=a.398988596780413.103139.100000078276723&type=1&theater

Wednesday, November 26, 2014

မောင်ဖတ်ဖို့

အချစ်ဆိုတာအပြစ်လို့ မြင်လာတဲ့အချိန်
သေချာပြီ မောင့်ဆီမှာ
အစားထိုးစရာ တွယ်တာမှုတစ်ခု
ရှိလာလို့ဆိုတာ
ဖွင့်မပြောလည်း သိတတ်ရတော့မှာပေါ့
ဖွတ်ထွက်မှ တောင်ပို့မှန်းသိလောက်အောင်
ကျွန်မ မအခဲ့သလို
သောက်ရေအိုးရေမို့ ခြေဆေးမခံခဲ့ဖူး
အချစ်အတွက်ဒူးထောက်လို့
ခယကာအသနားခံမဲ့ မောင်မြင်ဖူးတဲ့
စိတ်နုတဲ့မိန်းမစားတွေထဲမပါလို့
ခံပြင်းနေလားမောင်
တစ်ခုတော့မှတ်ထားပါ
မိန်းမသားတစ်ယောက်အတွက်
မရှိမဖြစ်လိုအပ်တာ
နှလုံးသား အချစ်မဟုတ်ပါဖူး
သိက္ခာ သစ္စာ အရှက်အကြောက်တရားနဲ့
ထားသင့်တဲ့မာနပါ
ဒါကြောင့် မိန်းကလေးတွေကိုကစားပြီးမှ
မိန်းမကောင်းလိုချငိရင်
မိန်းမတွေရဲ့တန်ဖိုးကိုသိအောင်အရင်ကြိုးစားပါ
တန်ဖိုးမသိတဲ့ယောက်ျားက
တန်ဖိုးမရှိတဲ့မိန်းမနဲ့ဘဲဆုံတတ်လို့ပါမောင်
သစ္စာတရားနားမလည်တဲ့မောင့်ကိုတော့
ရေစက်ချပြီးကို စွန့်လွှတ်ပေးလိုက်ပါတယ်
ရောက်ရာအရပ်က တစ်ချိန်ကမောင်
ကြားပါစေ
အမုန်းတိမ်တိုက်လေး

Monday, November 24, 2014

Eminem: Lose Yourself (lyrics)





တစုံတယောက်သောသူက တယောက်ထဲ အဖေါ်မဲ့ အထီးကျန်တဲ့အခါ နားထောင်တဲ့သီချင်း  တဲ့


Tuesday, November 18, 2014

တရုတ် အတွေးအခေါ်ပညာရှင် Laozi ပြောတဲ့ လူသုံးမျိုး


တရုတ် အတွေးအခေါ်ပညာရှင် Laozi ပြောတဲ့ လူသုံးမျိုး
(၁) စိတ်ဓာတ်ကျနေသူ
လူတစ်ယောက်ဟာ စိတ်ဓာတ်ကျနေတယ် ဆိုရင် သူဟာ အတိတ်က အကြောင်းအရာတွေကိုပဲ စဉ်းစာနေသူ ဖြစ်ပါတယ်။
(၂) စိုးရိမ်ပူပန်သူ
လူတစ်ယောက်က အမြဲတန်း စိုးရိမ်ပူပန်နေတယ်ဆိုရင် သူဟာ အနာဂတ်ကိုပဲ အမြဲတန်း စဉ်းစားနေသူ ဖြစ်ပါတယ်။
(၃) စိတ်ချမ်းသာသူ
လူတစ်ယောက်ဟာ စိတ်တည်ငြိမ်ပြီး အေးချမ်းနေတယ် ဆိုရင်တော့ ယခုလက်ရှိ ပစ္စုပ္ဗန် အကြောင်းကိုသာ စဉ်းစားနေသူ
ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Saturday, November 15, 2014

ကျမ မှားတယ်


ကျမ မှားတယ်......
ချစ်ခြင်း မေတ္တာကို.... ပေါ့ပေါ့တန်တန် သဘောထားးး....
ကစားတတ်တဲ့.. ရှင့်လို လူရဲ့.. ချစ်တယ် ဆိုတဲ့ စကားကို... ယုံခဲ့မိတာ... ကျမ ... မိုက်လို့ပါ...။
ရှင့်အတွက်တော့......
အဲ့လို..... ကျမရဲ့ ယုံကြည်ခြင်းတွေအကြား.. မတွေ့ဘဲ ပစ်ထားလည်း ဖြစ်တယ်ပေါ့...
ရက်လချီ ကြာ... ဝေးကွာနေရလည်း ဖြစ်တယ်ပေါ့... တမ်းတမ်းတတ... လွမ်းနေရလည်းးး နေတတ်တယ်ပေါ့...။

အင်းးး....... ဒါပါပဲလေ...!
အားလပ်ချိန်ကျ..... အိပ်တော့ပေါ့.... ပျော်သလိုသာ နေပါတော့....
မခေါ်တော့ဘူးး .... မမျှော်တော့ဘူးးးး....
တစ်ချိန် တစ်ခါက... ပတ်သက် ခင်မင်ခဲ့ဖူးသူ တစ်ဦးလို့ပဲ.... ကျမ သဘော ထားလိုက်ပါတော့မယ်...
ကျမက.. ရောက်လာနိုင်ဖို့.... အပြင်းအထန် ကြိုးစားနေရချိန်မှာ... စကားကလေးးး.... သုံးခွန်းလောက် ပြောထားပြီးးး....
တွေ့ဆုံနိုင်ကြဖို့ကို... မျှော်လင့်စိတ်လည်း မထားးး... နှုတ်ဆက်စကားလေး တစ်ခွန်းမှ မဆိုဘဲ...... အေးအေးလူလူ ချန်သွားနိုင်ရက်တာ........။
ကျမ ဆုံးဖြတ်လိုက်ပါပြီ.....။
အခုက စ... ကျမမှာ ချစ်သူ မရှိတော့ဘူးးး...
အားကိုးရာ မဲ့နေပါစေ.. ကျမရဲ့ ဘဝကို.. ကျမတစ်ယောက်ထဲပဲ... ဖြစ်သလို ရှေ့ဆက် လျှောက်ပါတော့မယ်...။
ကျမမှာ ချစ်သူ မရှိဘူးး.. ကျမမှာ အဖေါ်မွန် မရှိဘူးး... ကျမမှာ အားပေးဖေါ် မရှိဘူး... ကျမမှာ ကြင်နာသူ မရှိဘူးးး...။
ကျမ ရဲ့ အထီးကျန် ဒီဘ၀မှာ.... ကျမ မွေးလာတာလည်းးး တစ်ယောက်ထဲ.... ကျမ သေသွားတော့လည်းး တစ်ယောက်ထဲ...။
ကျမ ဖြစ်အောင် နေရဲနေရမယ်...... ကျမ ဖြစ်အောင် သေရဲစေရမယ်...
နှုတ်ဆက်ခဲ့ပါတယ်... ။
တစ်သက်စာအတွက်.... တစ်ဘဝစာအတွက်... ကျမ နောက်ဆုံးး နှုတ်ဆက်ခဲ့ပါတယ်......။
ရှင်သာ... ထာဝရ ပျော်ရွှင်နိုင်ပါစေ.....။
ထာဝရ "နွေဦးမေ"

Friday, November 7, 2014

မြတ်နိုးရ ကြယ်စင် သို့ လမ်းခွဲ နှုတ်ဆက်ခြင်း


**" မြတ်နိုးရ ကြယ်စင် သို့
လမ်းခွဲ နှုတ်ဆက်ခြင်း "**
ဝမ်းနည်းပါတယ် ချစ်သူ
အကုန်ရလျှင် ရ…
မရလျှင် ဘာမှ မလိုချင်တတ်တဲ့ ငါ့အတွက်
နင် ပေးဆပ်မဲ့ တစ်ဝက်တစ်ခြမ်း အချစ်တို့ မလိုအပ်တော့လို့……
ရောက်တဲ့ အရပ်မှာ ပြတ်စဲ
လမ်းခွဲကြရအောင်……။

နင်ကလည်း နင်
ငါကလည်း ငါ
ကြားလူ မပါတဲ့ ဒီဇာတ်မွဲမှာ…
အရလွယ်လို့ တန်ဘိုးပြယ်ခဲ့ရတဲ့ ချစ်ခြင်းတစ်ခုအတွက်……
အရှုံးအမြတ်မရှိကြေး အရင်းစစ်လျှင်
အပြစ်တင်သင့်တာ… ငါ့ကိုပါ……။
အနှစ်မဲ့ အကာရံ
ပေါ့တန်တဲ့ အချစ်မျိုးးး…
ရင်ပြင်မှာ အရိပ်မိုး မခံပါရစေနဲ့တော့…
နင်ကလည်း နင့်ဘဝလမ်းပေါ်
ငါကလည်း ငါ့ဘဝလမ်းပေါ်
တော်သလို နေ…
ပျော်သလို ဖြေကြတာပေါ့……။
မျှော်လင့်တိုင်းလည်း မမျှ…
ပေးတိုင်းလည်း ပြန်မရတတ်တဲ့ လောကနိယာမ တစ်ချို့ အကြား…
သားကောင်ဖြစ်သွားရတဲ့ ကျောက်ဖြစ်နှလုံးသား တစ်စုံ…
လှုပ်ခုန်နေသေးသရွေ့
ငါ… မေ့မပစ်ပါဘူးးး ချစ်သူ…။
တစ်လမ်းသွား ဘဝမှာ အရှေ့ နဲ့ အနောက်…
ကံဇာတ်ဆရာ အလိုကျ လျှောက်ကြရအောင်……
မိုးကုတ်စက်ဝိုင်းစွန်းအောက်က
ဆုံမှတ်တစ်ခု ရှိခ့ရစေ
အီကွေတာလို့ပဲ မှတ်ယူ
အပူဆုံးအရပ်ပဲ ဖြစ်လိမ့်မယ်……။
မခေါ်တော့ဘူးးး…
မမျှော်တော့ဘူးးး ချစ်သူ…
နေရောင်လို ပူပြင်း…
နင့် ချစ်ခြင်းတို့ဖြင့် မပျော်ပိုက်
ဝင်ရိုးစွန်းအရပ်၌ မွေ့လျော်…
နင်လည်း ပျော်သလို နေပါတော့…
လက်မကာ နှုတ်မဆက် မျက်ရည်မကျ
ကျောခိုင်းသွားကြမယ်……။ ။
ထာဝရ "နွေဦးမေ"

San Linn စံလင်း - Pyaung Pyan See Thaw Myit

Tuesday, November 4, 2014

`သက် ဆိုင် သူ သို့´


`သက် ဆိုင် သူ သို့´
မ ခွဲ ချင် ၍ တွဲ ဆင် ငင် လည်း
သူ ရက် စက် စွာ ထား ထွက် ခွာ တော့
တား မရ တာ သိ ပါ ရက် နဲ့
ပိတ် ဆို့ ကာ ဆီး အနား နီး ထိ
တိုး မိ ခဲ့ တာ သိပ် ချစ် ခဲ့ လို့...
လွမ်း ရ ခြင်း ဒဏ် မ ခံ နိုင် ၍
လျှော့ ပေး လေလေ နိုင် ကျင့် နေ တော့
ပြော ပါ ရစေ တယောက် ထဲ ဘဲ
နေ တက် ခဲ့ အောင် ကြိုး စား နေ တာ
မ ချစ် လို့ မ ဟုတ် ဘူးးးးးးးးး

Monday, November 3, 2014

ထားရက်ခဲ့သူမောင်


သူကတော့
အပြုံးမပျက်အေးစက်စက်နဲ့
ရေးဖွဲ့ကဗျာ ချစ်သူသစ်နဲ့။
ဆယ်ကျော်သက်ရွယ်မဟုတ်ပေမဲ့
အားငယ် ရှက်ပိုသူမို့
သူငယ်ချင်းလယ်
မျက်နှာမပျက်
ဟန်ဆောင်ပြုံးနဲ့
လွမ်းနေရတဲ့--
ခင့်အဖြစ်ကို
ထားရက်ခဲ့သူမောင်သိပါစ။
နီနီ(မန်း)

Saturday, October 25, 2014

အမုန်း မပါ


ချစ်ခဲ့တယ်လေ …

ချစ်ခြင်းတွေမှာ …

နှလုံးသားထိ …

အရှုံးများရှိ …

အပြုံးများ မချိ … လည်း …

မပါ အမုန်း …

ထာဝရ အရှုံးပေး … ချစ်နေမယ် …

Snow.Kha

Saturday, October 18, 2014

အရှုံး


အရှုံး ကို လက်မခံချင်သူရဲ့ လက်ထဲကို ဘယ်တော့မှ အရှုံးက ရောက်မလာဘူး ။
မင်းမရှုံး ချင်ဘူးဆိုရင် နိုင်အောင် တိုက်ရမယ် ။
ဘယ်လိုတိုက်ရမလဲ.....။
ဘာမှ ခက်ခဲတာမရှိဘူး ။
ဘဝမှာ ကိုယ်ဘာလိုချင်လဲ သတိရလိုက်...လိုချင်တာကို ရအောင်ယူ ။
(ဂျူး-နံရံ၏အခြားတစ်ဖက်)

Tuesday, October 14, 2014

အရိပ်ဆိုတာ


ကျွန်မ ဘာလုပ်ရတော့မှာလဲ။
ဘဝကို ပါးပါးလှီးပြီး မြည်းစမ်းကြည့်ချင်တဲ့ သူငယ်ချင်းတစ်ယောက်က “ခါးလိုက်တာ” လို့ ပြောနေမှတော့။
ကျွန်မ ဘာလုပ်ရတော့မှာလဲ။
အရိပ်ပေးနိုင်ပုံရတဲ့အရာ နှစ်ခုသုံးခုကို စမ်းသပ်နားခိုကြည့်ခဲ့မိပြီးတဲ့နောက် ပူပြင်းနေတဲ့အခါ
တွေ့ကြုံသမျှကို သံသယနဲ့ ကျွန်မ ကြည့်တတ်လာခဲ့ပြီ။
နောက်ဆုံးတော့ အရိပ်ဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ။
(ဂျူး-မနက်ခင်းတွေမှာ ကိုယ့်ကိုယ်ကို မုန်းတဲ့သူ)

Sunday, October 12, 2014

တွယ်တာမှု


ကျွန်မ ထင်ခဲ့တယ် ။
သေသေချာချာ ဆုံးရှုံးရတော့မယ့် အရာတစ်ခုအပေါ် ထားတဲ့ လူတစ်ယောက်ရဲ့ မက်မောမှုမှာ ဥပေက္ခာနဲ့ ရောင့်ရဲခြင်းတွေ တွဲပြီး ပါလာမှာပဲ ။
ဒီတော့ အဲဒီလူဟာ ဆုံးရှုံးရတော့မယ့် အရာဝတ္ထု အပေါ် မှာ နတ္တိဝါဒ အမြင်နဲ့ မြင်နိုင်မှာပဲလို့ ။
တကယ်တော့ ကျွန်မ တွက်နည်းက သွက်သွက်ခါအောင် မှားယွင်းခဲ့တာ ပါလား မောင်ရေ ။
မောင့်ကို လက်လွှတ် ဆုံးရှုံးရမှာကိုသိလေ မောင့်အပေါ်မှာ ဘယ်တော့မှ ရောင့်ရဲမှု မရှိတဲ့ တွယ်တာမှုမျိုးနဲ့ ယစ်မူးလေပါပဲ ။
ဆုံးရှုံးမှုကို အလွယ်တကူ ရင်မဆိုင်ရဲတဲ့ သာမန် လူတစ်ယောက်ရဲ့ ခံစားချက် ထက် ပိုပါတယ်ကွယ် ။

(ဂျူး-မြစ်တို့၏မာယာ)

Tuesday, October 7, 2014

ဘာကြောင့်များ.................


ငါ ချစ်ရတဲ့ ငါ့ရဲ့ချစ်သူပဲ ဆိုတဲ့ စိတ်နဲ့နင် ဆိုးသမျှတွေ အနွံ့တာခံခဲ့တယ်...
ငါ ချစ်ရတဲ့ ငါ့ရဲ့ချစ်သူပဲ ဆိုတဲ့ စိတ်နဲ့နင် အနိုင်ယူသမျှတွေ ခွင့်လွှတ်ပေးခဲ့တယ်...
ငါ ချစ်ရတဲ့ ငါ့ရဲ့ချစ်သူပဲ ဆိုတဲ့ စိတ်နဲ့ငါ့ကိုယ်ငါတောင် မေ့ထားပြီး
အမြဲ နင့်အတွက် ဦးစားပေးစဉ်းစားခဲ့တယ်...ငါ ချစ်ရတဲ့ ငါ့ရဲ့ ချစ်သူပဲ ဆိုတဲ့ စိတ်နဲ့
နင် နာကျင်စေသမျှတွေအပြစ်မမြင်မိပဲ အကြိမ်ကြိမ် သင်ပုန်းချေခဲ့တယ်...
ငါ ချစ်ရတဲ့ ငါ့ရဲ့ချစ်သူပဲ ဆိုတဲ့ စိတ်နဲ့ဝမ်းနည်းမှုတွေရခဲ့ရင်တောင်
နင့်ကြောင့်ရတဲ့ ပျော်ရွှင်မှုတွေနဲ့အစားထိုး မေ့ပစ်နိုင်စေခဲ့တယ်...
ငါ ကရော...နင် ချစ်ရတဲ့ နင့်ရဲ့ ချစ်သူပါ...
(တခုခုဆို)ဘာကြောင့်များ. . .ငါ့ဘက်ကနေ အမြဲမတွေးပေးခဲ့တာလဲ ???
~A Lynn Phyo~

Saturday, October 4, 2014

နေရက်သူကြီး


မျှော်ရတစ်ရက်
လွမ်းရက်တစ်ရာ
သူလာမယ့်လမ်း
နေ့တိုင်းမှန်းလည်း
မသိကျိုးကျွန်
ဥပက္ခာပြု
မျော်သူလွမ်းလို့
ကိုယ်ရင်မောအောင်
နင်လေစိမ်းရက်
သိမှတ်မပြု
ပုန်းလို့ရှောင်ဖယ်
နင်လေနေရက်တယ်


Tin Aye Hlaing

Wednesday, October 1, 2014

လိုရာပြီးမြောက် ခရီးပေါက်သော လက်တွေ့ ရေမေတ္တာပွားနည်း




လက်တွေ့ နည်းကောင်းတစ်ခု ပေးရဦးမယ်၊ အကယ်၍သာ စိတ်အာရုံညွှတ်ပြီး မေတ္တာပို့လွှတ်ပေးနေသော်လဲ တစ်စုံတစ်ဦး၏ ရန်မူနေခြင်းကိစ္စ၊ မုန်းတီးနေခြင်းကိစ္စ အမြန် ပြေအေးသွားမယ်လို့ မထင်ရလျှင် ရေမေတ္တာ ပို့ကြည့်ပါ၊ အောင်မြင်စေရမယ်၊ ရေမေတ္တာဖြင့် အနိုင်ယူပါ။
✔ နည်းမှာ- သန့်ရှင်းသော ရေဖန်ခွက် တစ်ခု ဘုရားစင်ပေါ်မှာ တင်ထားပါ၊ သန့်ရှင်းသော ကျောက်ခဲကလေး တစ်လုံးကို ဖြစ်စေ၊ သစ်သားချောင်းလေးတစ်ခုကို ဖြစ်စေ မိမိမေတ္တာ ပို့လိုသူ ကို ရည်မှတ်ပြီး ရေဖန်ခွက်ထဲ့ ထည့်ပြီး စိမ်ထားပါ။ အမှိုက်အမှုန်မကျအောင် အဖုံး ဖုံးထားပါ။
`သူ၏ စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေ´လို့ လှိုက်လှဲစွာ မေတ္တာပို့လွှတ်ပေးနေပါ။ `သူ၏စိတ် ပူဆာနေခြင်းကို အေးချမ်းသွားစေဖို့ သူ့ကို ငါ ရေစိမ်ထားလိုက်ပြီ´လို့ မိမိစိတ်ကိုလဲ ရှင်းရှင်းထားနေပါ၊ ပူပန်သောကဝင်ပြီး လှုပ်ရှားနေခြင်း မရှိအောင်နေပါ။
`သူ့ကိုငါဒုက္ခမရောက်စေလိုပါ၊ငါလဲစိတ်ချမ်းသာ၊သူလဲစိတ်ချမ်းသာ၊ နေမြဲတိုင်း နေစေရန်၊  ဖြစ်မြဲတိုင်း ဖြစ်စေ
ရန် သူ့ကို ရေခွက်ထဲချစိမ်ထားလိုက်ပြီ´လို့ ယုံကြည်စိတ်ချစွာနေပါ။
`သူ့စိတ်အေးသွားပြီ၊ သူ့စိတ်ကြည်လင်သွားပြီ၊ သူ့မှာ ငါ့ကို ရန်မူချင်စိတ်ပျောက်လွင့်သွားပြီ´လို့လဲ မိမိစိတ်ထဲက သိနေပါ၊ (တကယ် ချမ်းသာစေလိုသော စိတ်ရင်းစေတနာသာ ထားပေးနေပါ)၊ ထိုသူ့ရဲ့ စိတ်ဟာ ထိုအချိန်ပိုင်းအတွင်းမှာပဲ မူပြောင်းလာပုံ တွေ့ရလိမ့်မယ်။
သူ့ရဲ့ စိတ်အာရုံထဲတွင် မိမိက ပို့လွှတ်ပေးနေသော စိတ်တန်ခိုးကြောင့် ပူဆာ၍ ဆူပွက်၍ နေခဲ့သော သူ့ရဲ့ ဒေါသစိတ်မာန်ဟာ တဖြည်းဖြည်း ပြေအေးသွားလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ မိမိအပေါ် သနားစိတ် ဝင်လာပါလိမ့်မယ်။ ဆက်လက်၍ ချစ်ခင်စိတ်၊ ကြည်နှုးစိတ် ပြောင်းဝင်လာပါလိမ့်မယ်။
ချစ်ခင်စိတ် ဝင်ရောက်လာခဲ့လျှင် သူကလဲ မိမိကို မြတ်နိုးဖွယ်ရာကောင်းသော လူတစ်ယောက် အဖြစ် မြင်လာပါလိမ့်မယ်၊ ကြည်နှုးဝမ်းသာသော စိတ်လဲ ဝင်စားနေလိမ့်မယ်၊ အဲသည်နောက် သူကိုယ်တိုင် ပြောမှား၊ ဆိုမှား ရှိသမျှကို ဝန်ချကာ တောင်းပန်လာ တတ်တယ်၊ သို့မဟုတ် သူကိုယ်တိုင် လာရောက်ပြီး တောင်းပန်ဝန်ချခြင်း မပြုသော်လည်း မိမိအပေါ် ဆက်လက် ရန်မူနေခြင်း ပြုတော့မည် မဟုတ်ပါ၊ မီးကို ရေဖြင့် လုံလောက်အောင် ပက်ဖျန်းထားလိုက်သကဲ့သို့ ကိစ္စပြီး တစ်ခါတည်း အေးငြိမ်း သွားစေလိမ့်မယ်။
တစ်နည်းအားဖြင့် ရန်မူနေတဲ့သူဟာ မိမိကိုမကြည့်ဝံ့ဘဲ တခြားဒေသသို့ အမြန်ဆုံး ရှောင် ထွက်ပြေး သွားပုံ တွေ့မြင်ရပါလိမ့်မယ်။
ဒါတွေက လူလောကမှာ တွေ့ကြုံလေ့ရှိတတ်လို့ ပြည့်စုံအောင် ညွှန်ကြားပေးရခြင်း ဖြစ်တယ်။

တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး
ဦးဥတ္တမသာရ

Sunday, September 28, 2014

ဆန္ဒ


မောင့်ကို ပြန်မတွေ့ရပဲနှင့် ကျွန်မ မသေချင်ပါ ။
မောင် တစ်နေရာရာမှာ ငြိမ်းချမ်း ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေသည် ဟု ကျွန်မ သိပြီးမှ သေချင်သည်။
(ဂျူး-ဆုံနေရက် နဲ့လွမ်းလေခြင်း)
မောင့်အသံကို ကြားချင်လှသည့်တိုင် ၊မောင့်စကားသံတို့ကိုနားထောင်ချင်လှသည့်တိုင် ကျွန်မ မြိုသိပ်ရပါမည်။ နောက်ပြီး အခုလေးနှစ်အတွင်းမှာ ကျွန်မဘက်က ဘာမှ မပြောင်းလဲပေမယ့် မောင့်ဘက်က ဘာတွေ ပြောင်းလဲနေခဲ့ပြီးပြီလဲမှ မသိနိုင်တာ။
နေဦး။ ကျွန်မ မောင်နှင့်ပက်သက်ပြီး ဘာမှ မမေးဘဲ နေလို့မရနိုင်ဘူးလား။ ကျွန်မကို လေးနှစ်လုံးလုံး ခြေရာဖျောက်ထားခဲ့သည့်လူကို ကျွန်မက အစအနလေးတစ်ခု ရသည်နှင့် သွေးရူးသွေးတမ်း အစလိုက်ဆွဲတော့မလို့လား။ နေစမ်းပါစေ။ မောင့်ကိုချစ်လွန်းလို့ ကျွန်မ သေသွားစမ်းပါစေ။ ကျွန်မ အသေသာ ခံလိုက်ပါမည်။

မောင့်ကို ပြန်မတွေ့ရပဲနှင့် ကျွန်မ မသေချင်ပါ ။
မောင် တစ်နေရာရာမှာ ငြိမ်းချမ်း ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေသည် ဟု ကျွန်မ သိပြီးမှ သေချင်သည်။
(ဂျူး-ဆုံနေရက်နဲ့လွမ်းလေခြင်း)

Wednesday, September 24, 2014

စိတ်ဓာတ်ခွန်အားနဲ့ ဘဝကိုရှေ့ဆက်ပါ


တစ်ခါတစ်လေ ကျနော်တို့ရဲ့ စိတ်ထဲမှာ သေလောက်အောင် စိတ်ဓာတ်ကျတယ်။ တစ်ခါတစ်လေ ကျနော်တို့ဟာ လူ့လောကမှ မနေချင် လောက်အောင်လည်း စိတ်ဓာတ် ကျတယ်။
ဘဝဆိုတာ ပျော်ရွင်စရာတွေကိုပဲ အမြဲတန်း ကြုံနေရမှာ မဟုတ်ဘူး။ အရမ်းမိုးသည်းတဲ့ နေ့လေးကို ဖြတ်ကျော် ပြီးရင်တော့ သာယာပြီး ကြည်နူး စရာကောင်းတဲ့ နေ့လေးတွေကိုလည်း ပိုင်ဆိုင်နိုင်မှာပါ။
ဒါကြောင့် စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ် ဆိုတာဟာ လူတိုင်း လူတိုင်း ဖြစ်ပေါ်နေတဲ့ အခက်အခဲ တစ်ခုဖြစ်တယ်။ အဲဒီခက်အခဲကို ကျော်လွှားနိုင်မှသာ
အောင်မြင် ပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်ပါလိမ့်မယ်။ တစ်ခါလဲရင် ပြန်ထနိုင်တဲ့ စိတ်ကလေး ကိုတော့ မွှေးမြူထားပါ။ ဘဝဆိုတာ ခဏလေးမို့ ပြီးတဲ့ အခါလည်း ပြီးသွားမှာပါပဲ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

ပြုံးပြီးသာနေလိုက်ပါလေ


ပြုံးပြီးသာနေလိုက်ပါလေ မိတ်ဆွေ
--------------------------------------------------------------
တချို့လူတွေအကြောင်း ပိုသိလာတဲ့အခါ မအံ့သြပါနဲ့
တချို့လူတွေက သင့်အားနည်းချက်တွေကို တိုက်ခိုက်လာတဲ့အခါ မအံ့သြပါနဲ့
တချို့လူတွေက သင့်အားသာချက်တွေကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့အခါ မအံ့သြပါနဲ့
အရင်ကမပြောင်းလဲ အခုမှ ပြောင်းလဲတတ်တဲ့လူတွေနဲ့တွေ့ရင်မအံ့သြပါနဲ့
" မထင်ရဘူးနော် .... တော်တော်အံ့သြဖို့ကောင်းတာပဲ " ဆိုတဲ့စကားကို သိပ်မသုံးပါနဲ့
ဒီထက်အံ့သြစရာကောင်းတဲ့ ပြောင်းလဲခြင်းတွေ အများကြီးရှိပါသေးတယ်
ဒါကြောင့်ရှေးလူကြီးတွေကပြောခဲ့ကြတယ်
ဘယ်သူတရားပျက်ပျက် မပျက်ပျက်
ကိုယ်မပျက်ပါစေနဲ့ တဲ့ ။
ဘယ်သူတွေ ဘယ်လိုပဲ စိတ်ထားတွေ စိတ်ဓါတ်တွေ
ပြောင်းပြောင်းမပြောင်းပြောင်း
ကိုယ့်စိတ်ထဲက စစ်မှန်ခြင်းနဲ့ယုံကြည်ချက်ကို မပျက်စီးစေပဲ
မပြောင်းလဲအောင်နေပါ မိတ်ဆွေ ။
သက်တန့်ချို

Monday, September 22, 2014

ကျေးဇူး


"မိတ်ဆွေ "
ကျွန်တော်ဆင်းရဲဒုက္ခ ကြုံတွေ့နေ တဲ့အချိန် မှာ ကျွန်တော့်ကို ဒုက္ခတွင်းနက် ထဲက ဆွဲထူ ဖို့ သင် ကမ်းလှမ်းပေးခဲ့တဲ့လက်တစ် စုံအတွက် သေဆုံးသည်အထိ ကျွန်တော့်ဘဝတစ် လျှောက် လုံး မှတ်သားထားမှာပါ
တစ် နေ့ နေ့ တစ်ချိန်ချိန် သင် ဆင်းရဲဒုက္ခရောက် နေ တဲ့အချိန် မှာလည်း သင့်ကို ဒုက္ခတွင်း ထဲက လွတ် မြောက် စေဖို့ကျွန်တော့် လက်တစ်စုံက အမြဲတမ်းကမ်းလှမ်းပေးထားပါတယ် ဘာ့ ကြောင့် ဆိုတော့ကျေးဇူးရှင် ကို သိတတ်ပြီးကျေးဇူးဆပ်ခြင်းဟာ လူတိုင်း လက် ကိုင် ထားသင့်တယ်လို့ ကျွန် တော် ယုံကြည်ထားလို့ပါ
ကျေးဇူးရှင် ကို မသိတတ် ခြင်းဟာအဆိုးဝါးဆုံးအပြစ်တစ်ခု ဖြစ်ပြီး ကျေးဇူးကန်းတဲ့လူဟာ ဘယ် တော့ မှ မြင့် သော နေရာတစ် ခုကို မ ရောက် ရှိနိင် ပါဘူးရောက် ရှိ လာမယ်ဆို လည်း ယာယီခဏတာအတွက် ဘဲ ဖြစ် နိင် မှာပါ
ကျေးဇူးသိတတ် သော ပုဂ္ဂိုလ် ဟာ ဘယ်လိုနေ ရာ အ ခြေ အ နေမျိုးမှာဘဲ ရောက် ရှိနေ စေကာ မူ သူ့ အားကူညီမယ့်လူ များအဆင် သင့် ရှိနေ ပါတယ် အဲဒီအတွက် စာဖတ် ပရိသတ်များ အ နေနဲ့ အခါ အခွင့် အ ခြေ အ နေ မ ပေးလို့ကျေးဇူးမဆပ် နိင် ရင် တောင် ကျေးဇူးမကန်း သင့် ဘဲ ကျေးဇူးတရားကိုသိ ရှိနားလည် ကာ လက်ကိုင် ထားသင့်သည် ဟု ကျွန်တော် တိုက်တွန်းပါ ရ စေ
KWYM(ကျော်ဝေယံမင်း)


Thursday, September 18, 2014

ကတိ


တာဝန်ယူမှုကင်းမဲ့တဲ့လူတစ်ယောက်ဟာ
ဘယ်တော့မှ ယုံကြည်အားကိုးထိုက်တဲ့လူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး
ရိုးသားမှုမရှိတဲလူတစ်ယောက်ဟာ
ဘယ်တော့မှ လူ့လောကမှ ထင်ထင်ပေါ်ပေါ် နေရဲမှာ မဟုတ်ဘူး
ကတိကို လွယ်လွယ် ဖျက်တတ်သူတစ်ယောက်ဟာလည်း
ဘယ်တော့မှ ကတိ ဆိုတာရဲ့ တန်ဖိုးကို နားလည်လာမှာမဟုတ်ဘူး
Credit : ကောင်းကင်ပြာ

ချစ်သူ့ကဗျာ

မင်းပေးခဲ့တဲ့ အချစ် မှာ
ငါမျှော်လင့် ခဲ့တဲ့ သစ္စာတရားတွေ
မပါလာ မှတော့
သံယောဇဉ်ဆိုတဲ့ ကြိုးလေးနဲ့ 
ချည်နှောင် ထားချင် လည်း ...

ရုန်းထွက် ခွင့် ပြုလိုက် ပါတယ် ချစ်သူ
^~La Min Lay~^

Tuesday, September 16, 2014

ချစ်သူဖတ်ဖို့ 


အခုလို ဝေးကွာနေခြင်းက
ထာဝရအတွက်မှမဟုတ်တာ...
အတူတည်ဆောက်မယ့် အနာဂတ်တွေအတွက်
ငါတို့ခဏလောက် ဝေးနေရတာပါ..... ။
လူခြင်းဆုံဖို့ မဖြစ်နိုင်သေးတဲ့
အချိန်လေးမှာ
သံသယတွေလည်း လျှော့
မာနတွေလည်းမထားပဲ
တွဲလက်လေးတွေ ခိုင်မာဖို့
ငါတို့ပိုပိုပြီး နားလည်မှုတွေနဲ့ ချစ်ရအောင် နော်...
အဝေးကမှာချင်တယ် ချစ်သူ...
နင်ကျန်းမာရေးဂရုစိုက်ဖို့မမေ့ပါနဲ့
စိတ်ဆိုးရင်လည်း
စကားမပြောပဲမနေပါနဲ့
ရာသီဥတုအေးရင်
အနွေးထည်ဝတ်ဖို့လည်း သတိရပါ
ပြီးတော့
နင်လွမ်းနေသလို ပဲ
ငါလည်းထပ်တူ လွမ်းနေတယ်ဆိုတာကိုပေါ့
ဘာပဲဖြစ်ဖြစ် တစ်နေ့တာ အတွက်
မင်္ဂလာနံနက်ခင်းမှာ
ကြည်နူးခြင်း အပြည့်ရှိပါစေ ချစ်သူ..... ။
ဒါက ချစ်သူ...
နင်မနက် နိုးရင်ဖတ်ဖို့
ငါ့ရဲ့ အက္ခရာတွေပါပဲ..... ။
Hv a nce drm..... my lvr... ♡ ♡ ♡
Juvenile

Saturday, September 13, 2014

ဇရပ်


----
ဝင်လိုဝင်
ထွက်လို ထွက်
လူတိုင်း အတွက်တော့ မဟုတ်ဘူး ။

အပြီးသတ်ထိ
ခရီးဆက်ခွင့် မရှိသူမို့
လမ်းဘေးမှာ အသာရပ်ခဲ့ရ ။
အလွမ်းတွေအုပ်မိုး
ကိုယ့်ရင်ဘက်ကိုတဲထိုးရင်း
မေတ္တာလေးတွေ ကိုပျိုးတယ် ။
ဝင်ပါ နားပါ
ထွက်သွားပါ
ခရီးဆက်ပါ ။
တဖြေးဖြေးဝေးဝေးသွားတဲ့
နင့် ကျောပြင်လေးကို ငေးရင်း
တခါများပြန်နီးလားမလားလို့
နင့်မျက်နှာလေးကို မျှော်ပြီးတွေးတယ် ။
ငါကဇရပ်ပါ
သြဂတ်စ် ရယ်
ဝင်ချင်ဝင် ၊ ထွက်ချင်ထွက်
နင့် အတွက် တံခါးဆိုတာ.. တပ်မထားတဲ့ နေရာပေါ့ ။

ရုပ် ဆိုး

Tuesday, September 9, 2014

ချစ်ခြင်းမေတ္တာဆိုတာ


ချစ်ခြင်းမေတ္တာဆိုတာ
♡♡♡♡♡♡♡
ဝေးနေ ၊ နီးနေခြင်းနဲ့ မဆိုင်ပါဘူး။
ဘယ်လောက်ပဲဝေးနေဝေးနေ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိနေမယ်
ကြင်နာနေမယ် ၊ နွေးထွေးနေမယ်ဆိုရင် သက်ဆုံးတိုင်ဘ၀ကို လျှောက်လှမ်းသွားလို့ရပါတယ်။
အခုခတ်က အင်တာနက်ခတ်လေ
နိုင်ငံတွေ ဝေးကွာနေတဲ့ သူတွေတောင် နေ့တိုင်းမြင်တွေ့ နေနိုင် ၊ အသံလေးတွေ ကြားသိနေနိုင်နေတာပဲလေ။
ဖုန်းဆက်တဲ့အခါ ကြင်နာစွာ ပြောဆိုပါ၊ နွေးထွေးစွာ ပြောဆိုပါ။ စိတ်ဆိုးစေမဲ့ စကားလုံးတွေကို ရှောင်ကျဉ်ပါ၊ သံသယကို အဝေးမှာထားပါ။
ကိုနဲ့အတူတူမရှိတာတောင်မှ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အနေအထားလေးကို သူသိအောင် ပြောပြပါ။ (ဥပမာ- နေတဲ့ အခန်းလေးက ဘယ်လို၊ သွားရတဲ့လမ်းလေးက ဘယ်လို ၊ ပေါင်းသင်းရတဲ့ သူတွေက ဘယ်လို) ဆိုတာလးကို ပြောပြပေးပါ။
အဲ့လိုပြောပြတဲ့ အခါ နှစ်ယောက်အတူတူ ရှိနေသလိုခံစားရတာပေါ့နော်။
ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုလေးတွေ ၊ သူ့ကို ဘယ်လောက်လွမ်းတယ်၊ သူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာလေးတွေပဲပြောကြမယ်ဆိုရင်
ဝေးကွာနေပေမယ့် မနွေးထွေးတဲ့ စုံတွဲတွေ ဘယ်မှာလာရှိနိုင်တော့မှာလဲ၊၊

Sunday, September 7, 2014

ချစ်သူ


ချစ်သူ
!!!!!!!
အပြစ်မဆို
အချစ်ပို
ချစ်အလိုလိုက်တဲ့ ချစ်အဖေါ် ။

အခက် အခဲ
အတူ နွှဲ
ရဲရဲ လက်တွဲ ရင်ဆိုင်ဖေါ် ။
အားငယ်တဲ့ အခါ
နားလည်စွာ
ကြင်နာအားပေး နှစ်သိမ့်ဖေါ် ။
အရေး ကြီးကြီး
သွေး နီးနီး
တီးတိုး ရင်ဖွင့် တိုင်ပင်ဖေါ် ။
မျက်ရည် အပူ
ကူမျှ ယူ
ကူကူညီညီ ဖေးမဖေါ် ။
နူနူ ရွှဲရွှဲ
ဝဲ စွဲစွဲ
အမြဲ မခွဲ နေသူ အဖေါ် ။
သက်ဆုံးတိုင်ထိ
သစ္စာ ရှိ
ကတိမြဲမြံ မှန်ကန်ဖေါ် ။
ဘယ် အခြေအနေ
ဘယ်နေရာရာ
ဘယ်ခါ ကြည့်ကြည့်
အမိ ပုံ တစ်သွင်
ဖခင်နှယ် တစ်သွယ်
မောင်ငယ် အစ်ကို
နှမလို တစ်ဝ
အစ်မလို တစ်မျိုး
ဆွေမျိုး ဉာတကာ
ဆရာ တပည့်
တော်တည့် မှန်သော
သံယောဇဉ်ဖြင့်
နှောင်ငင် ရစ်ပတ်
ချစ်တတ်လွန်းမှ
ဘဝအဖေါ် ချစ်သူ ခေါ်၏ ။ ။
၂၃၆၀၀၅၀၉၂၀၁၄

Thway Sat Thit

Friday, September 5, 2014

မမေ့လိုက်ပါနဲ့။

မမေ့လိုက်ပါနဲ့။
~~~~~~~~
*ဒုက္ခရဲ့ အိမ်နီးချင်းဟာ
သုခဆိုတာကို
မမေ့လိုက်ပါနဲ့။
*ဘ၀မြင့်သွားတာဟာ
ဘဝင် မြင့်ဖို့ မဟုတ်တာကို
မမေ့လိုက်ပါနဲ့…။
*ရိုးသားမှုကိုထိခိုက်လာရင်
ကာကွယ်ဖို့အတွက် မာနဆိုတဲ့
လက်နက် ရှိတာကို မမေ့ပါနဲ့ ။
*ပျက်စီးခြင်းတွေထဲမှာ
အဆိုးဝါးဆုံး ပျက်စီးမှု့ က
စိတ်ဓာတ်ပျက်စီးခြင်း ဆိုတာကို
မမေ့ပါနဲ့ ။
*အချစ်တွက်နဲ့
အသက်ပင်သေသေဆိုတာ
အချိန်ပိုင်းတာပြောလို့ကောင်းတာမို့
အမြဲတမ်း မမှတ်ထားဖို့
မမေ့လိုက်ပါနဲ့ ။
*နားလည် ယုံကြည်မှု
ရှိနေသရွေ့
မေတ္တာတရားက
ရှင်သန်နေမှာကို
မမေ့ လိုက်ပါနဲ့ ။
*ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ
အခြေခံအကျဆုံးအရာဟာ
အပြုံးနဲ့ ခင်မင်
ဖော်ရွှေမှု့ဖြစ်တာကို
မမေ့ လိုက်ပါနဲ့…။
*ဒေါသရဲ့
ဆိုက် ကပ် ရာအရပ်ဟာ
အမှားဆိုတဲ့ဘူတာဖြစ်တာကို
မမေ့ပါနဲ့…။
ငြိမ်းလဲ့ Page မှ။


မကောင်းတဲ့ အမူအကျင့်တွေကို
****************************
ကြိုးစားပြီး ပြုပြင်ကြပါစို့
*********************
# လက် #
တွန်းလှဲဖို့ မဟုတ်ဘူး ၊
လဲနေသူကို တွဲထူဖို့ ။
# ခြေထောက် #
ကန်ကြောက်ဖို့ မဟုတ်ဘူး ၊
လမ်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ ။
# ပါးစပ် #
အတင်းပြောဖို့ မဟုတ်ဘူး ၊
အချင်းချင်း နှီးနှောဖလှယ်ဖို့ ။
# ဦးနှောက် #
လှောင်ပိတ်ထားဖို့ မဟုတ်ဘူး။
သုံးသပ်ဖို့နဲ့ ဆုံးဖြတ်ဖို့ ။
# စိတ်ဓာတ် #
ယုတ်ညံဖို့ မဟုတ်ဘူး ၊
ကြည်လင်အောင် ဖြူစင်ဖို့ ။
# မာန #
ထောင်လွှားဖို့ မဟုတ်ဘူး ၊
မခံချင်စိတ်နဲ့ ရိုးသားစွာ ကြိုးစားဖို့ ။
# အတ္တ #
တစ်ကိုယ်ကောင်းဆန်ဖို့ မဟုတ်ဘူး ၊
သူဖက် ကိုယ့်ဘက် ညီမျှဖို့ ။
# ဒေါသ #
ပေါက်ကွဲဖို့ မဟုတ်ဘူး ၊
လျော့ကျသွားအောင် လျှော့ချဖို့ ။
# မိမိရဲ့ဆိုးရွားတဲ့ အမူ ၊ အကျင့်တွေကို
အလွန်အမင်း မဖြစ်အောင်
မိမိကိုယ်မိမိ ထိန်းသိမ်းပြုပြင်ကြပါစို့ ။
Minkha Soe San

တွဲလက်တွေမြဲစေဖို့

တွဲလက်တွေမြဲစေဖို့
**************
လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော
တန်ဖိုးဟာ `ကိုယ်ကျင့်တရား´ပဲ
ဖြစ်ပါတယ်။

`ဇာမဏီငှက်´ဟာ သူ့ရဲ့အမွှေးအတောင်ကို
သူ့အသက်လောက် တန်ဖိုးထားသလို
တန်ဖိုးနားလည်တဲ့ လူဟာလည်း
သူ့ `ကိုယ်ကျင့်တရား´ကို
သူ့အသက်လောက် တန်ဖိုးထားတတ်ပါတယ်။
တကယ်လို့သူ့မှာ ချို့ယွင်းချက်
အနည်းငယ် ရှိခဲ့ရင်တောင်
သူသတ်မှတ်ထားတဲ့ အတိုင်းအတာကို
သူ့အသက်နဲ့ တန်းတူထားပြီး
ထိန်းသိမ်းကာကွယ်တတ်ပါတယ်။
`ပြည့်စုံတဲ့သူ´ဆိုတာ
လောကမှာ ရှိမှ မရှိဘဲကိုး။
ကမ္ဘာကျော် လူသတ်သမားတစ်ယောက်ဟာ
``သူ့ရဲ့ သွေးစွန်းနေတဲ့
အိပ်ကပ်ရဲ့နောက်နားမှာ
အလွန်နူးညံ့ကြင်နာတတ်တဲ့
နှလုံးသားတစ်စုံ ကိန်းအောင်းနေတတ်ပါတယ်´´
လို့ သေတမ်းစာ ရေးခဲ့ဖူးပါတယ်။
`နားလည်မှု၊ ယုံကြည်မှု´ဆိုတာ
ခိုင်မြဲတဲ့ `မေတ္တာတရား´တွေအတွက်
စိတ်ချယုံကြည်ရတဲ့
အခြေခံ အဆောက်အဦးပဲ ဖြစ်ပါတယ်။
ဒီနှစ်ခုဟာ ဆက်စပ်နေတယ်။
ခိုင်မြဲတဲ့လက်တွေ မြဲမြဲတွဲဖို့ဆိုရင်တော့
အပြန်အလှန် `နားလည်မှု´ကို
`ယုံကြည်မှု´အပေါ်မှာ
အခြေခံပြီး တည်ဆောက်လိုက်ပါ။
ဇာမဏီငှက်ရဲ့ အမွှေးအတောင်ကို
ဘယ်တော့မှ လက်လွတ်စပယ်
နှုတ်ပစ်ဖို့ အားမထုတ်မိပါစေနဲ့။
ရွှေဘုန်း (စေတနာပန်းခင်းဆရာတော်)

Thursday, September 4, 2014

မိုး


………မိုး………
ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့…။

ကိုရွှေမုတ်သုံလေက
သူ့ခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့်ဝင်တိုက်တယ်…။
အိုးကြီးလဲ ဗိုက်ပွင့် ကွဲကြေ
သေပါလေရော…။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ…။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့…။
အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေရွာပြီ…။
လာ ရဲရဲလာ
ထီးရွက်တွေမပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်…။
ငါတို့ရဲ့မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ် ………။ ။
……………………………………………………တာရာမင်းဝေ

Wednesday, September 3, 2014

စိတ်ဓာတ်

စိတ်ဓာတ်
=========
မင်းစိတ်ဓာတ်ကျနေတာကို ငါသိတယ်။
လောကမှာလေ
အရာရာတိုင်းဟာ စမတ်ကျကျ ဖြစ်နေရင်
အဲဒါကို လောကလို့ မခေါ်ဘူးကွ
အရာရာတိုင်းဟာ
ကမောက်ကမချည်းဖြစ်နေလို့ လောကလို့ခေါ်တာ
မင်းစိတ်ဓာတ်ကျပေမယ့် စိတ်ကိုတော့ မလျှော့လိုက်နဲ့
မင်းစိတ်လျှော့လိုက်တဲ့နေ့ဟာ
ခြတောင်ပို့လည်း မြင့်မိုရ်တောင်ကြီးလောက်
မင်းကျော်ဖြတ်ရလိမ့်မယ်
မင်းစိတ်သာတင်းထားရင်
လေမုန်တိုင်းကြီးလည်း
မင်းအတွက်တော့
လေပြည်လေညင်းလေး ဖြစ်လို့နေမှာပဲ။

ရေးသားသူ- ဦးကောဝိဒ (၀စီပိတ်ဆရာတော်)

Monday, September 1, 2014

သဝန်တိုစိတ်

သ၀န်တိုစိတ် ...
*********
ကိုယ်ချစ်တဲ့သူတယောက်က နောက်တယောက်နဲ့ပျော်နေတာမြင်ရင်
စိတ်ထဲမှာ သ၀န်တိုမိမှာပဲ ....
ကိုယ်မြတ်နိုးတဲ့သူတွေကို သူများတွေက အပြောင်အပျက် ပြောနေရင်
စိတ်ထဲမှာ သ၀န်တိုမိတာပါပဲ ....

ဒါပေမယ့် တွေးကြည့်ဖူးသလား ....
သ၀န်တိုခြင်းဆိုတာ သင်တို့ချစ်ခြင်းရဲ့ ခိုင်မြဲမှုကို ပါးပါးလေး ကပ်လှီးနေတဲ့
ဘလိတ်ဓားတချောင်းဆိုတာ ....
သ၀န်တိုခြင်းရဲ့ တခြားဘက်မှာ ဘာရှိမယ်လို့ သင်တွေးဖူးလဲ ...
အရာရာတိုင်းမှာ Limit ဆိုတာရှိတယ် ....
သိပ်ချစ်လို့ သိပ်သ၀န်တိုတယ် ...
ဖြစ်တတ်တဲ့သဘောတရားတခုပါ ...
မည်သူတဦးတယောက်ကိုမျှ သ၀န်မတိုပါနဲ့လို့ မတားပါဘူး ....
ဒါပေမယ့် တခြားတဖက်မှာ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ထပ်တူထပ်မျှ
စော်ကားနေတယ်ဆိုတာ သိဖို့လိုအပ်မယ်ထင်ပါရဲ့ ....
ချစ်တဲ့သူတိုင်းကိုပျော်ရွှင်စေချင်ပါတယ် ....
ဘာလို့များ တကွက်ကျော် ... ဒါမှမဟုတ် တကွက်နောက်ကျပီး
မတွေးတတ်ရတာလဲ ..
သိပ်ချစ်လို့လို့တော့ ခေါင်းစဉ်မတပ်ပါနဲ့လား ...
ထိုအရာက သိပ်ချစ်လို့မဟုတ်ပါဘူး ...
သင့်အချစ်အပေါ် သင်သံသယ၀င်နေတာပါ ....
မိမိကိုယ်ကို မလုံခြုံခြင်းက သင့်ချစ်သူကို သင့်အနားကနေ
အဝေးကိုခေါ်သွားစေတယ်ဆိုတာ လူတိုင်းသိသင့်တယ်ထင်ပါတယ် ... By: Matsuri Pan

Sunday, August 31, 2014

ကြိုး


နာနာကျင်ကျင် တုတ်ချီထားတာ မဟုတ်
သာသာညင်ညင်ပါ ငုတ်ဆီမှာလို မလှုပ်
ပြန်ရုတ်တဲ့ လက်ကိုတောင် အပူက
ခဏခဏ ဟပ်သွား

ဘ၀တဲ့ ခနတောင်ခြားလို့မဖြစ်
ရစ်ပြီးရင်း ရစ် နစ်ပြီးရင်းနစ်
ချစ်ပြီးရင်း ချစ်
စက္ကန့် မိနစ် ဘယ်တော့မှ သတိမလစ်
အချစ်နဲ့ ထပ်တူ အသက်နဲ့ထပ်မျှ
လွမ်းမှုတွေက သင်္ချေအနန္တ
ဆွေးမှုတွေက ကမ္ဘေကမ္ဘာ
မဖြေသာလဲ ချစ် ဖြေသာလဲချစ်
ဘာဖြစ်ဖြစ် ချစ် ဘယ်လိုဖြစ်ဖြစ် ချစ်
ဖြေလိုမဖြစ် ဖြုတ်လို့မပြုတ်
လှုပ် လှုပ်ရင်းနဲ့ မြုပ်
မြုပ်ရင်းနဲ့ လှုပ်
လှုပ်မြုပ် မြုပ်လှုပ်
နောက်ဆုံးတော့ သံယောဇဉ်သမား
စက်ရုပ်တစ်ရုပ်
ကြိုးတွေကြားမှာ အလုပ်ရှုတ် ။ ။
သစ္စာမိုးဝေ
31.8.2014

Friday, August 29, 2014

မှတ်သားဖွယ်ရာစာစုလေးများ

 
တခြားသူတစ်ယောက်ရဲ့ခံစားချက်နဲ့
ဘယ်တော့မှ မကစားပါနဲ့
အဲ့ဒီကစားပွဲမှာသင်နိုင်ချင်နိုင်မယ်

သေချာတာကတော့
အဲ့ဒီလူကိုသင့်တဘ၀လုံးဆုံးရှုံးသွားရလိမ့်မယ်။
"ရှိတ်စပီးယား"

ငါ့ကို" နိုး" လို့ငြင်းခဲ့တဲ့သူတွေကို ကျေးဇူးတင်တယ်
သူတို့ငြင်းခဲ့တဲ့အတွက်ကြောင့် ငါကိုယ်တိုင်လုပ်နိုင်ခဲ့တာ..
"အိုင်းစတိုင်း"

အလင်းရောင်ထဲမှာမင်းရှိနေတုန်းတော့
လူတိုင်းကမင်းနောက်ကိုလိုက်ကြလိမ့်မယ်
ဒါပေမယ့် မင်းအမှောင်ထဲကိုရောက်သွားချိန်မှာတော့
မင်းအရိပ်ကတောင်မင်းနောက်ကိုလိုက်မှာမဟုတ်ဘူး
"ဟစ်တလာ"

လူဆိုးတွေရဲ့အကြမ်းဖက်မှုကြောင့်မဟုတ်ပဲ
လူကောင်းတွေရဲ့ဆိတ်ဆိတ်နေမှုကြောင့်သာ
ကမ္ဘာကြီးကဒုက္ခရောက်နေတာဖြစ်တယ်။
"နပိုလီယမ်"

အဆွေခင်ပွန်းဖွဲ့ခြင်းက
သင့်အတွက်အားအနည်းဆုံးအချက်တစ်ခုဆိုရင်
သင်ဟာကမ္ဘာပေါ်မှာအကြံ့ခိုင်ဆုံးလူတစ်ယောက်ဖြစ်တယ်
"လင်ကွန်း"

Sunday, August 24, 2014

အချစ်တု


ဖြစ်သလိုကတိစကားတွေက
သင့်ကိုနာကျင်စေတယ်
ရင်ထဲကမဟုတ်တဲ့ဂရုစိုက်ခြင်းတွေက
သင့်ကိုဒဏ်ရာဖြစ်စေတယ်
မရေရာတဲ့စောင့်စားရခြင်းတွေက
သင့်ကိုပင်ပန်းစေတယ်
ဖြစ်မလာတဲ့ မျှော်လင့်ခြင်းတွေက
သင့်ကိုစိတ်ပျက်စေတယ်
မေ့ထားခံရတဲ့အဖြစ်အပျက်တွေက
ဝေဒနာတွေ တိုးလာစေတယ်
ချစ်တယ်ဆိုတဲ့စကားတခွန်းကလွဲပြီး
အမြဲလိုလို စိတ်မချမ်းသာရဘူးဆိုရင်တော့ သေချာပြီ
အဲဒီအချစ်ဟာ အတုအယောင်ပဲ ။ ။
ခင်မင်လျက်
ကောင်ကလေး
23-8-14,03:43PM

Wednesday, August 20, 2014

ကာမေသုမိစ္ဆာစာရ ကံ နဲ့ ကျွန်တော်



အိမ်ထောင်သည်ဆိုတဲ့ ဘ၀ကိုရောက်ခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ကျော်တိုင်ခဲ့လေပြီ ။ သည်ဘ၀မှာ မင်းပျော်လားလို့ မေးလာခဲ့ရင် ဘယ်လိုဖြေရပါ့ ။ * အတွေ့  * တစ်ခုရဲ့ ဆွဲငင်ခေါ်ဆောင်ရာနောက်ကို
အသိမဲ့စွာ လိုက်ပါခဲ့ရင်း အိမ်ထောင်ကျခဲ့ရသည် ။။အမြင် ၊ အကြား ၊ အထိအတွေ့ ၊ အရသာတွေကို အယူမှားကာ မြတ်နိုးခုန်မင်ခဲ့မိပါသည် ။ ကာမဂုဏ်မှာ ပျော်ပိုက်နေသူ လူသားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာခဲ့မိသည် ။ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ခြင်းလို့ ဆိုလိုသည် ။ အဲဒါထက်ကျော်လွန်ကာ မိစ္ဆာစာရဆိုတဲ့ အရာကို ပါကျူးလွန် မိခဲ့သူ ကျွန်တော် ။ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာ ကိုပြောတာပါ ။
ကျွန်တော် ရောက်နေတာက ရေမြေခြား ။ လွပ်လပ်ခြင်းဆိုတဲ့ အရသာကိုဖောဖော်သီသီ အသုံးချလို့ အကောင်းဆုံးနေရာတစ်ခုပေါ့ ။ မိဝေး ဖဝေး မှာ ကိုယ်နဲ့ နေ့စဉ် ပတ်သတ်နေသူ အများစုက တိုင်းတပါးသား ။ လူမျိုးတူ အများစုက တနယ်ဆီက ရောက်လာ ကြသူတွေ ။ မြန်မာပြည်သို့ပြန်ရောက် ပါလျှင် တွေ့ဖို့ ဆုံဖို့ဆိုတာ မလွယ်ကူ။ ဒီတော့ခေါင်းထဲရောက်လာတာက ငါဘာလုပ်လုပ် ဘယ်သူမှ မသိပါဘူးကွာဆိုတဲ့ သေးသိမ်တဲ့ အတွေးခေါ်တွေ ။ လူတွေလွတ်လပ်ပြီဆိုရင် အကျိုးနဲ့ အပြစ် အပြစ်ကိုသာ ပိုလုပ်မိကြတဲ့ လူတွေထဲ ကျွန်တော်လည်း တစ်ယောက်အပါဝင်ပေါ့ ။ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုဆိုတာကို ဝေဖန်ပိုင်းခြားတတ်တဲ့ အသိညဏ်တွေနဲ့ ကင်းကွာနေခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး ။ရေမြေခြားမှာ နေလာတာ နှစ်လေးလည်း အတန်ကြာခဲ့ပါပြီ။ အလုပ်လေးတွေလည်း စုံခဲ့လေပြီ ။ ခုလက်ရှိနောက်ဆုံးလုပ်နေတဲ့နေရာမှာ မြန်မာပြည်သားတွေ အများသား ။ ဒီထဲကကဲလို့ တွဲလို့ကောင်း တဲ့ သူချင်းပေါင်းမိခဲ့ကြသည် ။*အပျော်ပါးလိုက်စားမလား တူတူ ။ သောက်ကြစားကြမလား လက်ရေတစ်ပြင်တည်း ။ စိတ်တူကိုယ်သူဆိုတာမျိုးပေါ့ ။ တစ်နေ့မှာတော့ တူတူနေတဲ့ ကိုထူးက စကားစလာပါတယ် ။**ဟေ့ကောင် မောင်မောင် ။ မင်းပျော်ပါးဖို့ ဆော်ခေါ်ရတာ ပိုက်ဆံကုန်တယ် ကွ ။ ငါသတင်းတစ်ခုရထားတယ် ။ ဆော်ကြီးတစ်ဗွေ လူကလန်းတယ် ။ ရေကလည်း လန်းတယ် ။မင်းချဉ်းကပ် လို့လည်း လွယ်တဲ့ အနေထားမှာ ရှိတယ် ။ **ဟုတ်လား ။ သူက ဘယ်မှာနေတာလဲ ။ အပျိုလား *
*ဘယ်ကလာ အပျိုရမှာလဲကွာ ။ မြန်မာပြည်မှာ အိမ်ထောင်ကျတယ် ။ ကလေးတောင် ရှိတယ်ထင်တယ် ။ နောက် ဒီရောက်လာတော့ လူတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သူ့အမျိုးသား က တော်တော် ချစ်တယ် လို့ ပြောကြတယ် ။ သူဖောက်ပြန်နေတာတွေကို သိလည်း ခွင့်လွတ်ပြန်ပေါင်းတယ်တဲ့လေ ။ နေတာက ငါတို့ဆီကနေကားနှစ်မှတ်တိုင်လောက် ဘဲဝေးတယ် ။ မင်း စိတ်ဝင်စားရင် ငါ မိတ်ဆက်ပေးမယ် *ဒီလိုကနေစလိုက်တာ သူမ ကျွန်တော် သိခွင့်ရခဲ့သည် ။ ခင်မင်ရာကနေ တစ်ဆင့်တက်လို့ရင်းနှီးကျွမ်းဝင်ခဲ့ကြပါသည် ။ သူမ အမျိုးသား အလုပ်သွားချိန်တွေ ကျွန်တော် အလုပ်နားချိန်တွေနဲ့ တိုက်ဆိုင်တိုင်း သူမနှင့် ကျွန်တော် တွေ့ဖြစ်နေကြသည်။ ကုန်လိုက်တဲ့ ပိုက်ဆံက ဆော်ခေါ်တာထက် အဆပေါင်းများစွာ ။ တစ်နေ့တော့ ကျွန်တော်တို့ခိုးစားနေမိတဲ့ ဇာတ်လိမ်းကို သူမခင်ပွန်းသိသွားပါတော့သည် ။ကျွန်တော်ဆိုတဲ့ ကောင်လည်း ပြင်ဆင်ချိန်တောင် မရလိုက်ဘဲ သူမကို လက်ခံလိုက်ရပါတော့သည် ။ ဒီအချိန်မှာ အိမ်ထောင်သည်မကျ ချစ်သူမကဆိုတဲ့ဘာမှန်းမသိတဲ့ ဘ၀ တစ်ခုကို နာမည်ဆိုးတွေနဲ့ ရရှိလိုက်ပါတော့သည် ။ သူများလက်ထဲကနေ ခိုးယူထားမိတဲ့ အရာကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော် ဘယ်မှာလာ စိတ်ဖြောင့်ဖြောင့် နေနိုင် ပါမည်နည်း ။အမြဲတစေ ပူပန်သောကတွေနဲ့ နပန်းလုံးနေခဲ့ရသည် ။ ငါအလုပ်သွားရင် သူမ ဘာတွေ လုပ်နေမလဲ ။ ဘယ်တွေ သွားနေမလဲ ။ အိမ်မှာကော ရှိနေပါ့မလားဆိုတဲ့ အတွေးတွေနဲ့ အလုပ်ထဲမှာ ပစ္စည်းတွေကမှား ။ ဒီတော့ စူပါဗိုက်ဆာတွေရဲ့ ငြိုငြင်မှုတွေကို ခံလာရပါတော့သည် ။ အလုပ်တွေ ဘယ်လောက် အိုတီရနေနေ ရသမျှ အဖက်မတင် ။ ဘယ်အပေါက်ကနေ ဆီလိုပေါက်ရှာ ထွက်နေမှန်းမသိ ။ တဖြေးဖြေးနဲ့ လုံးပါးပါးလာခဲ့ရပါတော့သည် ။
ငါ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ကို မစောင့်ထိမ်း လို့ဖြစ်ရတဲ့ လူမှုဒုက္ခတွေပါလားလို့ တစ်ခါ တစ်ခါ တွေးမိပါသည် ။ တစ်နေ့ အင်တာနက် ကြည့်နေရင်း မထင်မှတ်တဲ့ ဆောင်းပါးလေး တစ်ခုကို ဖတ်လိုက်မိသည် ။ ဆောင်းပါးလေး က ကာမေသု မိစ္ဆာရာ ကံ လွန်ကျူးရင် ဘာဖြစ်နိုင်လဲ ? ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးသားထားပါသည် ။
*ကာမေသုမိစ္ဆာစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိသိက္ခာပုဒ်ဟာ ကိုယ်ပိုင်လင်အမျိုးသား ကိုယ်ပိုင်ဇနီးမယားကနေ တစ်ခြားတစ်ယောက်ကို ( သို့မဟုတ် ) သူ့တပါး သားမယားကို လွန်ကျူး ပြစ်မှားလို့ အပြစ်သင့်တဲ့ အပြစ်ဖြစ်တဲ့ သိက္ခာပုဒ်ပါ၊ ရှင်းအောင်ပြောရရင်တော့ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ကြတာကိုခေါ်တာပါ၊ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာကိုပြောတာပါ၊
အဲဒီသိက္ခာပုဒ်ကိုဖောက်ဖျက်ရင် စောစောကပြောခဲ့သလိုပါ ပဲ လူမှုဒုက္ခတွေ အများတံတွေး ခွက်ပက်လက်မျောရတာတွေ အစရှိတဲ့ဆိုးကြိုးတွေကို ခံ စားရမှာပါ၊ ခုခေတ်မြန်မာလူဘောင်လောကမှာ ကိုယ်အချင်းချင်းသဘောတူရင် မပြစ်မ ဖြစ်ပါဘူးဆိုတဲ့ အနောက်တိုင်းအယူအဆတွေ ၀င်ရောက်လာပါတယ်၊ အမှန်က အဲဒီလို မဟုတ်ပါဘူး ကိုယ်အချင်းချင်းဘယ်လိုပဲသဘောတူနေပါစေ ကိုယ့်ကိုယ်ထိန်းသိမ်း စောင့်ရှောက်တဲ့ သူတွေရှိပါတယ်၊ အောက်ထစ်ဆုံး အများတကာနဲ့ ဆက်ဆံသွားလာ တဲ့ မကောင်းတဲ့ပြည်တန်ဆာမတောင် အရင်လူကပိုက်ဆံပေးငှါးရမ်းထားရင် နောက်လူ ကပိုင်စိုးပိုင်နင်းနဲ့ သွားရောက်လွန်ကျူးမယ်ဆိုရင် ကာမေသုမိစ္ဆာစရာကံထိုက်ပါတယ်၊ *
လို့ ရေးသားထားပါသည် ။ ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့ အချိန်မှာတော့ အဲကွန်းခန်းထဲ ထိုင်နေတဲ့ ကျွန်တော် တစ်ကိုယ်လုံး အလိုအလျောက် ဇော်ချွေး များ ပျံလာမိသည်။
ကာမေသုမိစ္ဆာစာရ ကံကျူးတဲ့သူတွေဟာ-
(၁) လူမုန်းများခြင်း၊
(၂) လူမုန်းများရုံတင်မကပဲ ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေခြင်း၊
(၃) စီးပွါးရေး ဘယ်လောက်ရှာရှာ တိုးတက်မလာပဲနေခြင်း၊
(၄) စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိပဲဖြစ်နေခြင်း၊
(၅) ဘ၀တိုင်းဘ၀တိုင်း မိန်းမသာဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ်ယောင်္ကျားမဟုတ် ဂျယ်ကြီးဖြစ်ရခြင်း၊
(၇) တကယ်လို့ ယောကျာ်းဖြစ်ရင်လည်း ယုတ်ညံ့တဲ့ အမျိုးတွေထဲမှာ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်ပြီး အရှက်တကွဲအကျိုးနဲတဲ့ ကိစ္စတွေကြုံတွေ့ရခြင်း၊
(၉) ခြေလက်အင်္ဂါ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဖြစ်ရခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ စိတ်များနေရခြင်း၊
(၁၁) ကိုယ်ချစ်တဲ့သူနဲ့ ကွဲကွာကာ အသည်းနာရခြင်း၊ ဆိုတဲ့ အပြစ်တွေကိုပါ ရစေတယ်ဆိုတဲ့အချက်တွေကတော့ သွေးထွက်အောင် မှန်နေခဲ့ပါသည် ။ ကျွန်တော် ဘာလုပ်ရမလဲ ဆိုတဲ့မေးခွန်းတွေနဲ့
ချာချာလည်နေလည်ပါတော့သည် ။
*မောင် ထမင်းစားရအောင်ဆိုတဲ့ *
သူမရဲ့ ခေါ်သံကြားမှ စိတ်နဲ့လူကြား ကင်းကွာနေတဲ့
အသိတွေ ပြန်လည်စုမိကြပါတော့သည် ။ အရင်က ချိုသာလှပါသည်ဟု ထင်ခဲ့မိသော သူမ အသံသည် ကြောက်မက်ဖွယ် ထောင်ခြောက်တစ်ခုအဖြစ်သို့ ပြောင်းလဲ ထင်မှတ်စေခဲ့လေပြီ ။ ခုချိန်ထိ မိဘတွေကိုအသိမပေးရဲသေးတဲ့ သူမနဲ့တူတူနေထိုင်နေရတဲ့ ဘ၀ ။
အပေါင်းသင်းမိတ်ဆွေတွေ နဲ့ ဆုံတဲ့အခါ ကျွန်တော် မိန်းမပါလို့ မိတ်ဆက်ပေးရမှာကို အင်မတန်ဝန်လေး ခဲ့မိတာတွေဟာ ကျွန်တော်ကိုယ် ကျွန်တော် သိမ်ငယ်နေခြင်းတွေဆိုတာ သိခဲ့ရပေမယ့် အမှားပြင်ဆင်ခွင့်က ဘယ်မှာလဲ ။ ဘယ်လို ခဲဖျက်နဲ့ ဖျက်မှ ပျက်မယ့် အမှားမျိုးပါလည်း ဆိုတာ တွေးရလွန်း လို့ ခေါင်းတွေအမြဲပူပန်နေရသူ ကျွန်တော်ဘ၀ ။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်း ကိုယ်လျှောက်နေရပေမယ့် ဘာလို့မပျော်ရသလဲ ။ အဖြေက ရှင်းပါတယ် ။အမှားဆိုတဲ့ လမ်းတစ်ခု ကို ရွေးချယ်လျှောက် လှမ်းမိခဲ့တာကို ။
တစ်ရက်မှာတော့ ကျွန်တော် အလုပ်ကနေ သူမဆီ ဖုန်းမဆက်ဘဲ ပြန်လာခဲ့ပါသည် ။ အပြန်လမ်းမှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေခဲ့သည် ။ မိုးရေတွေ ဆက်လက်နဲ့ အိမ်တံခါးကိုဖွင့်လိုက်ပါ သည် ။ ကြိုဆိုမယ့်သူမရှိ ။ တိတ်ဆိတ်ခြင်းတွေ စိုးမိုးနေတဲ့ အိမ်ထဲမှာ သေချာပါသည် သူမ ရှိမနေဘူးဆိုတာပေါ့ ။ အ၀တ်စားတွေလဲ ပြီး ဆေးတစ်လုံးကြိုသောက်ထားလိုက်ပါသည် ။ ခုရက်တွေ ကျွန်တော်နှ လုံးတွေ အောင့်အောင့်နေတတ်သည် ။ ဆေးသောက်ပြီး အိပ်ယာထက်မှာ လဲလျောင်း ရင်း မျက်လုံးတွေက ဖုန်းလေးကို အဓိပ်ပယ်မဲ့စွာ ငေးကြည့်နေမိဧ။် ။ သူမကို ခုချိန် ဖုန်းဆက်လိုက်ရင် ဘာတွေ ဆင်ခြင်ပေးမလဲ ။သူပေးလာမယ့်ဆင်ခြင်တွေကို ကျွန်တော် ယုံကြည်နိုင်ပါ့မလား။ ကျွန်တော် စိတ်တွေအားလုံးယောက် ယက်ခတ်နေသည် ။ အစက မဆုံဖြစ်ခဲ့ရင် အကောင်းသားဆိုတဲ့ နောက်ကြောင်းလှန်တဲ့ အတွေးတွေ ကလည်း တသီကြီးတွေးလို့ ။ ကျွန်တော် ကံကောင်းခဲ့သလား ကံဆိုးခဲ့သလားတော့ မပြောတတ်ပေ ။ ထိုညကအစပြုလို့ ကျွန်တော်ဘ၀ထဲကို သူမပြန်ရောက်မလာတော့ပါဘူး ။ ကျွန်တော် တမ်းတမိပါသလား ။ သေချာပါသည် ။ တစ်ခါတစ်ရံ တွင်သာ ရေးရေးလေး အမှတ်ရမိတတ်ပါသည် ။ သတိရခြင်းနှင့် အမှတ်ရခြင်းဆိုတဲ့စကားလုံးတွေ ရဲ့ အနှစ်သာရ လားလားမျှ မတူညီပါ။
ကျွန်တော်သူမကို သတိမရပါ။ အမှတ်ရဖြင်းသာ ရှိပါသည် ။ နိုင်ငံခြားရောက် တူတူနေခြင်းဆိုတဲ့ ပုံစံခွက်ထဲကို ကျွန်တော်လည်း ပါဝင်ခဲ့ဘူးတယ်လို့ ဆိုမယ်ဆိုရင်လည်း ရနိုင်ဧ။်ပေါ့ ။ သို့သော် အိမ်ထောင်သည်တွေလို တူတူ
နေထိုင်ခဲ့မိဘူးသည် ။ ကာမေသုမိစ္ဆာစာရ ကံကျူးလွန်ခဲ့ဘူးဆိုတဲ့ အချက်ကြီးကတော့ဘ၀မှာ အမဲစက်တစ်ခုလို နေရာယူခဲ့ပါပြီ။ ဒီအမှားကို ဘယ်အရာနဲ့ ဖျက်ရမလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို နေ့စဉ်ရှာဖွေနေသူ လူသားတစ်ဦးအဖြစ် သေသည့်တိုင်အောင် ဆက်လက်ရပ်တည် အဖြေရှာနေရအုံးမည်သာ ဖြစ်နေတော့သည် ။
ခိုင်လေး ( ရွှေတောင် )
ဒီဝထ္ထုတိုလေးကို ဖတ်ရှု့ပြီး မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုကို ခွဲခြားနိုင်ပါစေ ။ ကာမေသုကံကို ရှောင်ရှားနိုင်ကြပြီး ဒီအမျိုးသား ၊ ဒီဇနီး ဒီမယား တွေနဲ့ ပျော်ရွင်ကြည်နူးဖွယ် မိသားစုတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ။ သစ္စာတရားတွေ စိုးမိုးတဲ့ ကမ္ဘာမြေကြီး
ဖြစ်ပါစေ ............................။
လူဗိုလ်ဟူသည် မှ ကူးယူမျှဝေပါသည်..
------
သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။

"သဲသဲလှုပ်"စကားလေးများ




ပြန်မပြောရင်သဲသဲလှုပ် ၊အသံလေးများမကြားရရင်နေ့ညတွေခြောက်ခြား ၊
တနေ့လေးများမမြင်ရရင်နေမထိ ထိုင်မသာ ၊
နေလေးများမကောင်းဘူးဆိုအကဲလေးကပို ၊
စားလို့များမကောင်းဘူးဆိုပြေးချက်ပေးချင်စိတ် တဖွားဖွား ၊
စိတ်ညစ်လိုက်တာဆိုကိုယ့်မှာရူးမတတ် ၊
စိတ်ဆိုးနေတယ်ဆိုဘယ်နားသွားနေရမှန်းမသိ ၊
မုန်းတယ်ဆိုကိုယ့်မှာကမ္ဘာပျက်မတတ် ၊
ချစ်ရတာရင်တွေတလှပ်လှပ်ခုန်
မုန်းမယ်ဆိုအသွေးအသားထဲကခြောက်ခြား ၊
မျက်နှာလေးကြည့်ပြီးသေချာအောင်ခဏခဏမေးရတယ်
အချစ် "ဘယ်တော့မှ ကိုယ့်ကိုခွဲမသွားဘူးနော်...လို့ "
-
ခင်မင်လျက်
ကောင်ကလေး

Saturday, August 16, 2014

ထီး


မိုးလုံမလားလို့ ယူဆောင်းမိ
ဒါပေသိ အရွက်ကစုပ်ချာ
ရိုးတံက နူံချာချာမို့
အရင်ကလဲ မိုးတွေမိ
အခုလဲ မိုးတွေမိ
နောင်လဲ မိုးတွေမိနေအုံးမှာလားစိုးရိမ်မိ
ဘယ်သူ့မှာ တာဝန်ရှိသလဲ
ဆောင်းသူလား
ထီးမှာလား
မင်းသုည ( ဗုဒ္ဓတက္ကသိုလ် )

မမေ့လိုက်ပါနဲ့။


~~~~~~~~
*ဒုက္ခရဲ့ အိမ်နီးချင်းဟာ
သုခဆိုတာကို
မမေ့လိုက်ပါနဲ့။

*ဘ၀မြင့်သွားတာဟာ
ဘဝင် မြင့်ဖို့ မဟုတ်တာကို
မမေ့လိုက်ပါနဲ့…။
*ရိုးသားမှုကိုထိခိုက်လာရင်
ကာကွယ်ဖို့အတွက် မာနဆိုတဲ့
လက်နက် ရှိတာကို မမေ့ပါနဲ့ ။
*ပျက်စီးခြင်းတွေထဲမှာ
အဆိုးဝါးဆုံး ပျက်စီးမှု့ က
စိတ်ဓာတ်ပျက်စီးခြင်း ဆိုတာကို
မမေ့ပါနဲ့ ။
*အချစ်တွက်နဲ့
အသက်ပင်သေသေဆိုတာ
အချိန်ပိုင်းတာပြောလို့ကောင်းတာမို့
အမြဲတမ်း မမှတ်ထားဖို့
မမေ့လိုက်ပါနဲ့ ။
*နားလည် ယုံကြည်မှု
ရှိနေသရွေ့
မေတ္တာတရားက
ရှင်သန်နေမှာကို
မမေ့ လိုက်ပါနဲ့ ။
*ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ
အခြေခံအကျဆုံးအရာဟာ
အပြုံးနဲ့ ခင်မင်
ဖော်ရွှေမှု့ဖြစ်တာကို
မမေ့ လိုက်ပါနဲ့…။
*ဒေါသရဲ့
ဆိုက် ကပ် ရာအရပ်ဟာ
အမှားဆိုတဲ့ဘူတာဖြစ်တာကို
မမေ့ပါနဲ့…။
ငြိမ်းလဲ့ Page မှ။

Friday, August 15, 2014

စိတ်ပိုင်းဆိုင်ရာ ဒဿ.....န.များ


၁။သင်ဟာဘယ်လောက်ပဲသန်မာ၊ရင့်ကျက်သူပဲ ပြောပြော၊သင့်ကိုအားနည်းသွားအောင် ပြုလုပ်နိုင်စွမ်းသူ
ကတော့ လောကမှာ ရှိစမြပါပဲ။
၂။ ဆိုရှယ်ကျကျ မနေထိုင်သူ အချို့ဟာ အမှန်တော့ ဟန်ဆောင် အပြုံးနဲ့ ဟန်ဆောင် မာယာ ဒရာမာ များ ကို မနှစ်သက် မလိုလားသူများ ဖြစ်ပါတယ်။
၃။ မိမိကိုယ်ကိုယ် မိမိသာ ပျော်ရွှင်ဖို့ တာဝန်ရှိပြီး ဒီအတွက် သူတစ်ပါးကို ကူညီ ရှာဖွေ ဖန်တီးခိုင်းနေရင် ပိုလို့သာသ စိတ်ညစ်သွားပါ လိမ့်မယ်။
၎။ သင်လိုအပ်တယ်လို့ ထင်ခဲ့တဲ့သူကို အမှန်တကယ်တော့ မလိုအပ်တော့ဘူးလို့ သိလိုက်ရပြီး ဖယ်စွန့်ခွာ လိုက်တဲ့ အချိန်မှာ အပော်ရွှင်ဆုံး ခံစားချက် တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
၅။ ၇၀ ရာခိုင်နှုန်းသော လူတွေဟာ အတိတ် အတွက် နောင်တ မရကြ ပါဘူး။ ကောင်းကျိုးမရှိတဲ့ လူတွေနဲ့ အချိန်ဖြုန်းလိုက်ရလေခြင်း ဆိုတဲ့ နောင်တ မျိုးသာ ရှိတတ်ကြ ပါတယ်။
၆။ သင် ဒါမျိုး အခွင့်အရေး နောက်တစ်ခါ မရဘူးလို့ သိလိုက်တဲ့ အချိန်မှာ ဘဝဟာ ပိုလို့ အဓိပ္ပါယ်ရှိနေ တတ်ပါတယ်။
၇။ မိမိကိုယ်ကို မိတ်ဆွေဖွဲ့ပြီး နေတတ်သူတွေဟာ ဘယ်တော့မှ အထီးမကျန် ပါဘူး။
၈။ ခွင့်လွတ်ပေးလိုက်ပါ။ သူတို့ဟ ခွင့်လွတ်ခြင်းနဲ့ မထိုက်တန် ရင်တောင်မှ မိမိဟာ ငြိမ်းချမ်းမှုနဲ့ ထိုက်တန်လို့ ဖြစ်ပါတယ်။
၉။ အထီးကျန်မှုဆိုတာ တစ်ယောက်တည်းရှိနေတာကိုမှ မဆိုလို ပါဘူး။ မိမိနဲ့ မပေါင်းသင့် မပေါင်းအပ်သူတွေနဲ့ ဝန်းရံ နေထိုင်နေမှုကလည်း အထီးကျန်ခြင်း တစ်မျိုး ဖြစ်ပါတယ်။
၁၀။ အင်မတန် ရက်ရော ပြူငှာ၊ အားနာ တတ်သော သူများဟာ တုံ့ပြန်မှုများကို ပိုလို့ ထိရှ၊ ခံစားလွယ် ပါတယ်။
Ref : psycho-facts
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Thursday, August 14, 2014

အစစ် အမှန်


အစစ် အမှန်
လေပြေညှင်း ချစ်ခြင်းမေတ္တာ
အွန်လိုင်းမှာ ဈေးပေါပါသည်
တစ်ခနတာ အာရုံပြေ
ရှာဖွေကြည့်ရှု တစ်ခုမက နှစ်ခုမက
ဒါပေမယ့်သိ ထိတွေ့လို့မရ အနံ့ရဖို့ မမြင်
ခုံမင်မှု ထွေပြားေ၀၀ါးဖို့ အရာ
တစ်ခနတာ။

လေပြေညှင်း ချစ်ခြင်းမေတ္တာ
အပြင်မှာ ၀ယ်ယူလို့မရ
ဈေးဆစ်လို့ အဆင်မပြေ
မေတ္တာစေမှ မေတ္တာတွေ မိုးလိုဝေ
သစ္စာပျိုးမှ သစ္စာတွေ မိုးလိုစွေ
ရှာတိုင်းလဲမရ ချစ်တိုင်းလဲ မဖြစ်
သံယောဇဉ်အစဉ်ရစ်
တစ်ဆိုမှ တစ် နှစ်ဆိုရင် လစ်
ဟောအဲဒီ အပြင်က အချစ်မှာတော့
အမြင်ရှင်းကာ လှမှလှ
ထင်းလင်းကာ ၀င်းလို့ပ
သာစွ သာစွ ထာဝရ ထာဝရ
လပြည့်ညလေးလို အေးအေးမြ ။ ။
သစ္စာမိုးဝေ
14.8.2014, ကြာသာပတေးနေ့

Tuesday, August 12, 2014

ပြီးဆုံးခြင်း


နှင်းဆီ
ကျွန်မ ချစ်တဲ့ သူ က
ကျွန်မ မဟုတ်တဲ့သူကို
ချစ်နေတော့လည်း
ကျွန်မ အချစ်တွေကို
ပြန်ရုပ်သိမ်းလိုက်ရုံပေါ့နော် ;(;(
ကျွန်မ ကတော့ အချစ်ဆို တာ
ပေးဆပ်ခြင်းပါဆိုပြီးချစ်နေရရင်
ပြီးရော ဆိုတာမျိုးနဲ့မချစ်နိုင်ပါဘူး
ကျွန်မက အချစ်ဆိုတာ ရယူပိုင်ဆိုင်
ခြင်းလို့  သတ်မှတ်ထားသူပါ
မပိုင်ဆိုင်ရရင်တော့ မချစ်သင့်တော့ပါဘူး
တခြားသူတစ်ယောက်ကို ချစ်နေတဲ့
သူကိုလည်း ကျွန်မ ဆက်ချစ်ရလောက်အောင် 
သဘောထားမကြီးနိုင်ပါဘူး
ဒါ့ကြောင့် နှင်းဆီ
ကျွန်မ အချစ်တွေဒီမှာတင်
ပြီးဆုံးသွားပါပြီ။၊။
THE END ;( ;(

Monday, August 11, 2014

လက်စားချေခြင်း


R E V E N G E ……

လက်စားချေခြင်း … ဆိုတာ ချိုမြိန်ပါသလား …

အစော်ကားခံခဲ့ရသူ တစ်ယောက်အတွက်ကတော့ …

သူခံစားခဲ့ရတဲ့ ခါးသီးမှုနဲ့ ထပ်တူ ချိုမြိန်ပါလိမ့်မယ် …

ဝိုင်တစ်ခွက်လို အချိန်ကြာကြာ စောင့်ရလေ … ပိုလို့ ချိုမြလေ …

သူ့အပေါ် နာကျင်ခံစားစေခဲ့မှု များလေ … စိန်တစ်ပွင့်လို ပို လို့ တောက်ပလေ …

တစ်ချို့သူတွေက သူတစ်ပါးကို ခပ်ပေါ့ပေါ့သဘောထား …

အလွယ်တကူ စော်ကားတတ်ကြတယ် …

ပြီးတော့ ခပ်ပေါ့ပေါ့ မေ့လျော့လို့ …

ခံခဲ့ရတဲ့သူက မမေ့ဘူး …

အချိန်ကြာမြင့်လေ လက်စားချေဖို့ အခြေအနေနဲ့အချိန် ပိုရလေ …

ကိုယ်ပြန်ခံရချိန်မှ တောင်းပန်လို့ နောင်တရလို့ … နှောင်းခဲ့ပြီ …

လက်စားချေသူအပြစ်လား … စတင်စော်ကားသူ အပြစ်လား …

တကယ်တော့ ကိုယ်ချင်းစာ တရား တစ်ခုပဲ လိုအပ်ခဲ့တာပါ …

စတင်စော်ကားသူက ကိုယ်ချင်းစာစိတ်မဲ့ခဲ့လို့

လက်စားချေခြင်း ( Revenge ) ဆိုတာ ဖြစ်တည်လာရတာပါ …

Thursday, August 7, 2014

*ထိပ်ဆုံးသို့*



*ထိပ်ဆုံးသို့* (ငွေတာရီ)
တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ၊
တစ်တောင်ဆုံးပြန်တော့၊
တစ်လုံးကျန်ပြန်ပေသမို့၊
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊
ကြိုးလျှောက်ရပြန်၊
ခါတစ်လေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်ပါ့မလား၊
စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား ။ ။

ငွေတာရီ