Sunday, December 20, 2015

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်များ


ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်များ ✿
══════════════════════════════════════
၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿ န ပ ညာရပ် တစ်ခုဘဲပေါ့။
၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
၎) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
၁၂) - သင်က ဗုဒ္ဓဘာသာကိုအလွန်အထင်ကြီးတာပဲ။သင်ဟာသင့်ဘာသာတရားကိုမှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
════════════════════
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။
ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿ နပညာပါပဲ။ ဒီ ဒဿ န ပ ညာရပ် ကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာသက်တော်၃၅နှစ်မှာ(ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်းသန်းသုံးရာကျော် ရှိနေပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်အထိတော့ဗုဒ္ဓဘာသာဟာအရှေ့တိုင်းဒဿ နပညာရပ်တစ်ခုအဖြစ်သာတည်ရှိခဲ့ပါတယ်။သို့သော်လဲယခုအချိန်မှာဥရောပနှင့်အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿ န ပ ညာရပ် ရပ် တစ်ခုဘဲပေါ့။
════════════════════════════════════════
ဖြေ - ဒဿ န ပ ညာရပ် ဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့သင်ပေးပါတယ်။ပြီးတော့ကျွန်ုပ်တို့ဟာသတ္တ၀ါအားလုံးရဲ့မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
════════════════════
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း ကပိလ၀တ်ပြည်" ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။အသက်၂၉နှစ်ရှိတဲ့အခါဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။
မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကိုစွန့်၍အာနာပါနဈာန်အခြေခံလျက်မဂ္ဂင်ရှစ်တန်ပွါးမှသာဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့မဟာကရုဏာတော်နှင့်ခန္တီတရားကြောင့်များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက်အိုခြင်းတရား၊နာခြင်းတရားများဖိစီးနှိပ်စက်ခံရသော်လဲချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။
၎) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
════════════════════════════════════════
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန်အကြာကြီးစဉ်းစားပြီးတွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
════════════════════════════════════════
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
══════════════════════════════
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
════════════════════════════════════════
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
════════════════════════════════════════
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
════════════════════════════════════════
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့
ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။
၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
════════════════════════════════════════
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
═════════════════════════════════════
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
════════════════════════════════════════
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
════════════════════════════════════════
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်
နှလုံးသားထဲက ဗုဒ္ဓအဆုံးအမများမှ
မေတ္တာဖြင့်..ငုဝါ #

Friday, December 18, 2015

` ငါ့မျက်ရည်တွေ နင့်ရင်ကိုအေးစေ´


` ငါ့မျက်ရည်တွေ နင့်ရင်ကိုအေးစေ´
----------------------------------------------
နွေ မိုး ဆောင်း တဲ့လေ
ဒို့လက်တွေခိုင်မြဲခဲ့ဖူးတယ်
မိုးရေထဲမှာပျော်ခဲ့ဖူးတယ်
ခိုက်ခိုက်တုန်တဲ့အအေးဒဏ်တွေ
မီးပုံကြီးကြီးဖိုလို့
ငါးတွေလဲကင်စားခဲ့ဖူးတယ်
ပူပြင်းတဲ့နေရောင်အောက်မှာ
ပျော်ပျော်ပါးပါးလျှောက်လည်ဖူးတယ်
အရာရာကို
လက်ပိုက်ခေါင်းငုံ့လို့ နာခံပေးမယ်ချစ်သူ
ကျန်ခဲ့တဲ့နှလုံးသားမှာ
နေသာ ဖြေသာတယ်လို့တော့
နဲနဲမှမထင်လိုက်ပါနဲ့လေ
ဘယ်လောက်ဆိုးဆိုး
ထာဝရအချစ်ရဆုံး
ဘယ်လောက်လှည့်စားလှည့်စား
ထာဝရမေ့ မရဆုံး
အလွမ်းတွေအဖော်ပြုလို့
ထားခဲ့တဲ့နေရာလေးမှာ
ငြိမ်ငြိမ်သက်သက်နဲ့ နေခဲ့ပေးမယ်ချစ်သူ
တစ်ခုပဲစိုးရိမ်တယ်
နင်ရွေးချယ်သွားတဲ့ရင်ခွင်မှာ
အေးချမ်းစွာစံမြန်းပါလေ
အဲ့လိုမှမဟုက်ပဲ တစ်ခါတရံမှာ
ငါ့ကိုသတိရတဲ့စိတ်နဲ့
နင်နာကျင်သွားမှာကိုတော့
ငါသေမလောက်ကြောက်တယ် ချစ်သူရယ်
--------------
Lu Aye (စကု)

Tuesday, December 15, 2015

သစ္စာရှင်းတမ်း


သစ္စာရှင်းတမ်း
*********
အချိန်တွေက
ကုစားသွားမှာပါတဲ့...
ဆေးယဉ်ပါးမှု့ဒဏ်ရာတွေနဲ့
အကျယ်ကြီးအော်ရယ်ပစ်တဲ့အခါ
သစ္စာတရားတွေက
ငါ့ကိုကောင်းချီးပေးတယ်
သက္ကရာဇ်အိုကြီးထဲက
နုပျိုဆဲရယ်မောသံတွေကြားတိုင်း
သွက်သွက်ခါအောင်လွမ်းခဲ့။
ဓာတ်ပုံဟောင်းလေးက
မျက်ရည်တွေကိုခြွေချတိုင်း
အလွမ်းတွေမှိုလိုပေါက်ခဲ့။
ဇွန်ပန်းခြောက်လေးတွေက
အတိတ်ကိုတူးဆွပြီး
ငါ့ရင်ဘတ်ဆီလာချိတ်တိုင်း
နှလုံးသားတွေကြေမွှခဲ့။
စစ်မှန်တဲ့အချစ်ဟာ
နှစ်ချို့ဝိုင်တစ်ခွက်လို
အချိန်ကြာတာနဲ့အမျှ
လှပစွာရီဝေယဇ်မူးလို့
နင်မရှိတော့လို့
ပျော်ရွှင်မှု့တွေပျောက်ရှသွားပေမယ့်
ဆို့နင့်တဲ့အလွမ်းတွေနဲ့
ခမ်းနားစွာချစ်နေဆဲပါပဲ
ကြာခဲ့ပြီဆိုပေမယ့်
ငါရှုသွင်းလိုက်တဲ့
အငွေ့အသက်တိုင်းမှာ
နင့်ကိုယ်သင်းရနံ့လေးတွေက
ဆွံ့ပျံ့မွှေးအီလို့...။ ။

 Lu Aye (စကု)

Sunday, December 13, 2015

ပန်းတိုင်ရှိရာ( မောင်စိန်ဝင်းပုတီးကုန်း)


ပန်းတိုင်ရှိရာ( မောင်စိန်ဝင်းပုတီးကုန်း)
********
ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ…။
ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။
လေးဖက်တွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။
မောင်စိန်ဝင်း (ပုတီးကုန်း)
(၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၊ ငွေတာရီမဂ္ဂဇင်း )

Friday, December 11, 2015

လူတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်မိတဲ့အခါမှာတော့



ယုံကြည်လွယ်တဲ့ သူတွေကို
လှည့်စား တတ်ကြတယ် //

နားလည်မှုပေးတဲ့ သူတွေကို
သံသယ ထားတတ်ကြတယ် //

သစ္စာရှိတဲ့ သူတွေကို
ချန်ထားရစ် တတ်ကြတယ် //

သည်းခံစိတ်ရှိတဲ့ သူတွေကို
အနိုင်ယူ တတ်ကြတယ် //

ဂရုစိုက်တတ်တဲ့ သူတွေကို
လျစ်လျူရှု တတ်ကြတယ် //

တန်ဖိုးထားတဲ့ သူတွေကို
ဥပေက္ခာ ပြု တတ်ကြတယ် //

ရိုးသားတဲ့ သူတွေကို
ဖျားယောင်းသွေးဆောင် တတ်ကြတယ် //

လေးစားမှုရှိတဲ့ သူတွေကို
မြတ်နိုးမှု မရှိ တတ်ကြဘူး //

ဝမ်းနည်းတတ်တဲ့ သူတွေကို
မျက်ရည်ကျအောင် လုပ်တတ်ကြတယ် //

အားငယ်တတ်တဲ့ သူတွေကို
နှိပ်ကွပ် တတ်ကြတယ် //

အမှန်တရားဖွင့်ဟ သူတွေကို
အပြစ်လို့ မြင်တတ်ကြတယ် //

မစွန့်လွှတ်နိုင်လို့ ဖက်တွယ် နေတဲ့သူတွေကို
နာကျည်းမှုတွေ ပေးတတ်ကြတယ် //

အသက်ထက် ပိုချစ်တဲ့ သူတွေကို
အသဲခွဲ တတ်ကြတယ် //

လူတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်မိတဲ့အခါမှာတော့ ...//

ပုံကိုသာကြည့်ပါ ... //
သော်တာ

Sunday, April 26, 2015

"ဝေးလွင့်ခြင်း


★"ဝေးလွင့်ခြင်း"♪♫
တိတ်တိတ်ကလေး ...
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ.....။
ကြွင်းကျန်ရစ်သော...
သံယောဇဉ်အားလုံး...
အကျွန် ပြည်ဖုံးကား ချပါ့မယ်.....။
ချစ်ခြင်းတရားမှ သွေဖီ၍...
အကျွန့်ဆီသို့.. လွှတ်ရက်ခဲ့သော...
ဥပေက္ခာမျက်ဝန်းများရဲ့.. နှိပ်စက်မှုဒဏ်...
အကျွန် ဘယ်လိုမှ မခံစားနိုင်တော့လို့ပါ....။
ချစ်သူရဲ့.. အကြင်နာနှင့်...
ကြည်လင် ရွှင်သော...
ရယ်မောသံတို့.. လွှမ်းခဲ့သည့်...
အတိတ်က ဇာတ်လမ်း... တစ်ခန်း ရပ်ချိန်မှာ...
ရွှေရင်ကွဲကြေ.. သေဆုံး မသွားခဲ့ရတာနဲ့တင်...
အကျွန် ကံကောင်းခြင်း ဖြစ်ခဲ့ရပါပြီ.....။
ချစ်သူထံမှ ရှောင်ပုန်း...
အဝေးဆုံးသို့.. လှမ်းခဲ့ရတဲ့...
ကန္တာရခရီးဟာ...
နွေတစ်ရာထက်.. ကြမ်းမှာကိုလဲ...
အကျွန် ကြိုတင်.. တွေးမြင်ထားခဲ့ပါတယ်.....။
လွမ်းမိလေတိုင်း...
မျက်ရည်ဝိုင်းရသည်.. မှန်သော်လည်း...
ချစ်သူရင်ငွေ့.. တစ်ပိုင်းတစ်စ...
ခိုလှုံခွင့် ရခဲ့သော.. အကျွန့်နှလုံးသားသည်...
`ချစ်သူ´သို့သာ... တမ်းတမျှော်ရည်...
ဝေဒနာကို.. သိုသိပ်...
တိတ်တိတ်ကလေး လွမ်းနေပါ့မယ် ချစ်သူ.....။
ထာဝရ... "နွေဦးမေ"

Tuesday, April 21, 2015

Australia မှ sponsor ယူမယ်ဆိုလျင်


Australia မှ sponsor ယူမယ်ဆိုလျင် ...
နိုင်ငံခြားတွင် လာရောက် အလုပ် လုပ်နေသော လူများအတွက် Australia သည် အထင်ကြီးလောက် စရာဖြစ်သည်။ မလေးရှား နှင့် ထိုင်းတွင် ၁၂ နာရီ အလုပ်လုပ်ရခြင်းထက် Australia တွင် ၈ နာရီ လုပ်ရခြင်းက လစာ၊ လူ့အခွင့်အရေးနှင့် အကျိုးခံစားခွင့်များက သာလွန်သည်မှာ မည်သူမှ မငြင်းနိုင်ပါ။
သို့ရာတွင် Australia သို့ သာမာန်လူတန်းစား သွားနိုင်သောနည်းလမ်းများမှာ UNHCR မှ un card ကိုင်ဆောင်သူများကို အလှည့်ကျပို့သော နည်းလမ်းနှင့် မိမိအစီအစဉ်ဖြင့် ပင်လယ်ပြင် သို့ လှေဖြင့်ဖြတ်ကာ အောက်လမ်းမှ ခိုးဝင်ပြီး အဖမ်းခံခြင်းဖြင့် Australian ic ရအောင် လုပ်သော နည်းလမ်းဟူ၍ ရှိပါသည်။
UN card ရရန်မလွယ်ပါ။ UN card ရသော်လဲ သြဇီ သို့ရောက်ရန်မလွယ်ပါ။ ထို့ကြောင့် လူတချို့သည် သြဇီသို့ လှေဖြင့်အောက်လမ်းမှ ခိုးဝင်ရာ ပင်လယ်ပြင်တွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် သြဇီ အစိုးရမှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှ စပြီး ရေလမ်းမှ ပင်လယ်၊ သမုဒ္ဒရာကို ဖြတ်ပြီး ရောက်လာသူများအား Papua New Guinea သို့မဟုတ် Malaysia နိုင်ငံရှိ UNHCR သို့ပြန်လည်ပို့ဆောင်မည် သို့မဟုတ် မိမိထွတ်ခွာရာ မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းခံရမည်ဟု ကြေငြာခဲ့ပါသည်။ အကယ်၍ သြဇီသို့လာချင်လျင် အောက်ဖော်ပြပါ အစီစဉ်ဖြင့် လာရန် လူအများအား လှုံ့ဆော်ခဲ့ပါသည်။
The Special Humanitarian Programme (SHP)
https://www.immi.gov.au/visas/humanitarian/offshore/shp.htm
ဤ` SHP အစီအစဉ်ကို ၁၉၈၁ နှစ်မှ စတင်ခဲ့ပါသည်။ လျောက်လွာတင်နိုင်သော နေရာပေါင်း ၁၃၇၅၀ သက်မှတ်ထားရာမှ အနည်းဆုံး နေရာပေါင်း ၁၁၀၀၀ မှ လျောက်လွာများသည် သြဇီ အစိုးရသို့ visa လျောက်ရာ၊ သာမာန် ရိုးရိုး visa လျောက်သူများထက် များစွာ သာလွန်ပါသည်။
ဤ SHP အစီအစဉ်ဖြင့် လျောက်လိုသော သူသည်
မိမိမွေးဖွားရာနိုင်ငံ၏ ပြင်ပတွင် နေထိုင်သူ။ ( နိုင်ငံခြားတွင် ရောက်နေသူ )
မိမိမွေးဖွားရာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူ။
မိမိအား ခေါ်မည့် သြစတြေးလျနိုင်ငံသား ရှိသောသူ။
ထိုအချက် ၃ ချက်နှင့် ပြည့်စုံလျင် လျောက်လွာတင်လို့ရသည်။ ဖြည့်ရမည့် Forms များမှာ
form 842 ( သင်ဖြည့်ရမည့် form )
form 681 ( သင့်အား ခေါ်မည့်သူ ဖြည့်ရမည် form )
သင့်အား ခေါ်မည့်သူသည်
ၾသစေၾတးလ် နိုင္ငံသား ( an Australian citizen )
သြဇီတွင်ရာသက်ပန် နေထိုင်ခွင့်ရသူ (an Australian permanent resident)
သြဇီမှ အဖွဲ့အစည်း (an Australian organisation)
နယူးဇီလန် နိုင်ငံသား (an eligible New Zealand citizen )
တို့ဖြစ်ပါသည်။
ယူအင်ဆရာကြီးများသည် သင့်အား အမျိုးမျိုး ခြောက်လိုက် မြောက်လိုက် လုပ်လိမ့်မည်။ ဥပမာ ..
" ဒီဖောင်တွေက ရိုးရိုးလူ လျောက်လို့မရဘူး။ အမျိုး အရင်းရှိမှ ရတယ်။ အမျိုးအရင်း မရှိရင် လျောက်မရဘူး"
" အဲဒီ ဖောင်ကို သြဇီ သံရုံးမှာသွားတင်ရတယ် "
" ဒီဖောင်ရဲ့ သက်တမ်းက ကုန်သွားပြီလို့ ယူအင်ကပြောတယ် "
စသည်ဖြင့် အမျိုးမျိုးသော ပေါက်ကရ တွေကို ပြောပြီး သင့်အား ပြုစားပါလိမ့်မည်။ ဤဖောင်သည် ကုန်ဆုံးရက်မရှိပါ။ ပင်လယ် ၊ သမုဒ္ဒရာမှ လှေဖြင့် မလာစေချင်သောကြောင့် ယခုကဲ့သို့လာရန် ခေါ်ခြင်းဖြစ်ပါသည်။
ရှင်းရှင်းပြောရလျင် သင့်ကို ခေါ်မည့်သူသည် ဆွေမျိုးမဟုတ်လဲ ရသည်။ အထက်က ကျွန်တော် ရေးထားတဲ့ အချက် ၄ ချက်တွင် တခုခု နှင့် ပြည့်စုံလျင်ရသည်။ အမျိုးလဲ မရှိ၊ သူငယ်ချင်းလဲ မရှိ ဘူးဆိုလျင် အဖွဲ့အစည်း တခုခုကို အကူညီတောင်းကြည့်ပါ။ ဥပမာ .. သြဇီက ဘုရားကျောင်းတို့ ၊ လူမူ့ရေး အဖွဲ့တို့ တခုခုက သင့်အား ခေါ်လျင် ရသည်။
အရေးကြီးသည့် အချက်မှာ သြဇီမှ လူအား ဤ အကြောင်းအရာ တချို့ကို အရင်ပြောပြီးမှ သူ့အား sponsor တောင်းပါ။ သြဇီမှ လူတာဝန်ယူရသည်မှာ
သင်လာလျင် သင့်အတွက် အိမ်ငှါးပေးရမည်။
သင့်အား လေဆိပ်တွင် လာကြိုရမည်။
သင့်အတွက် အလုပ်အကိုင် ရှာပေးရမည်။
ကျန်းမာရေးအတွက် ဆေးခန်း ၊ ပညာရေးအတွက် ကျောင်းစသည့်အရာများကို ပို့ပေးရမည်။
သင့်၏ လေယာဉ်စရိတ်အား သူမှ ပေးချေရမည်။
နှင့် အခြားသော အချက်အလက် အနည်းငယ် လုပ်ပေးရမည်။
ဆိုလိုသည်မှာ အစိုးရလုပ်ရမည့် အလုပ်ကို သူ့အားလုပ်ခိုင်းခြင်း ဖြစ်ပါသည်။
အဲဒီတော့ သင့် သူငယ်ချင်း / ဆွေးမျိုးအား ပြောရမည်မှာ
" လေယာဉ် လက်မှတ်ခ ၊ ငါပေးမယ် "
" အလုပ်ရှာဖို့အတွက် မင်းပူစရာမလိုဘူး။ ငါ့ဘာသာရှာမယ်။ မလေးရှားမှာ ငါ့ဘာသာ အလုပ်ရှာတာ အလုပ် ၁၅ ခုလောက်ရှိပြီ။ မင်း စိုးရိမ်စရာ မလိုဘူး"
" ကျောင်းတို့ ဆေးခန်းတို့ ဆိုတာလဲ မင်းငါ့ကို တစ်ရက်ပဲ လိုက်ပြ။ နောက်တခါ ငါ့ဘာသာ သွားမယ်။ မင်းလိုက်ပို့စရာ မလိုတော့ဘူး။ မလေးရှားမှာ ဆေးခန်းမပြောနဲ့ ဆေးရုံတောင် ရောက်ဖူးတယ်။"
" ငါ့အတွက် အိမ်ငှါးပေးသည့် ပိုက်ဆံကို သြဇီရောက်ပြီး နောက်တစ်လနေရင် မင်းကို အပြည့်ပြန်စပ်မယ်။"
" မင်းလုပ်ရမှာက မင်း လိပ်စာလေးရယ် ၊ မင်းရဲ့ အချက်အလက်လေး တချို့ရယ် နဲ့ မင်းလက်မှတ်ကို form ထဲ မှာ ဖြည့်ပေးယုံပါပဲ "
ဟုပြောပါ။ ဒါမှ သင်သည် သူ့ထံမှ အကူအညီရပါလိမ့်မည်။ အဲလို မပြောဘဲ ငါ့ကို sponsor ပေးပါလားကွာ ဟု ပြောလျင် သူတို့သည် အလွန်ပင် ကြောက်လန့်၍ သင့်ထံသို့ ဖုန်း သို့မဟုတ် message တွေ ခေါ်တော့မည် မဟုတ်ပါ။ စပွန်ဆာ ဆိုသည့်စကားကို နားမလည်သော သူများသည် သူတို့ အရမ်းအကုန်အကျများမည်၊ တာဝန်တွေကြီးသွားမည်၊ အလွန်ခက်ခဲသွားမည် ဟု ထင်သောကြောင့် စပွန်ဆာ ပေးပါလားဟု ပြောလျင် နောက်ကို သင့်အား အဆက်အသွယ် လုပ်မည် မဟုတ်တော့ပါ။
ထို့ကြောင့် ကျွန်တော် အထက်ကပြောသော အကြောင်းအရာများကို အရင် ရှင်းပြပေးပြီးမှ အကူညီတောင်းပါ။ သူ့ကို ပိုက်ဆံ စကားများများပြောပေးပါ။ လေယာဉ်လက်မှတ်ခ သည်လည်း မလေးရှားတွင် အလုပ်လုပ်သောသူ မည်သူမဆို ၀ယ်နိုင်သော ဈေးနုန်းဖြစ်ပါသည်။ သူ့အား မင်းပိုက်ဆံကုန်စရာမလိုတဲ့အကြောင်း၊ ၀န်ထုတ်ဝန်ပိုး မဖြစ်တဲ့အကြောင်း၊ အခက်အခဲ မရှိတဲ့အကြောင်း ရှင်းပြမှသာလျင် သင်သည် sponsor ရမည်ဖြစ်ပါသည်။
သူ့ထံမှ သဘောတူညီချက်ရလျင် Google Search ထဲတွင်
https://www.google.com.my/#q=form+842 ကိုရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။ ထို့နောက် နီးစပ်ရာ Printer စက်မှ ထုတ်လိုက်ပြီး လိုအပ်သည့် အချက်အလက်များကို ဖြည့်ပါ။ အားလုံးပြီးစီးပါက သင့်အား sponsor ပေးမည့်သူထံသို့ စာအိပ်နှင့် စာတိုက်မှ ပို့လိုက်ပါ။
သင့်အား sponsor ပေးမည့်သူသည်လဲ Google Search ထဲတွင် https://www.google.com.my/#q=form+681 ကိုရိုက်ထည့်ပြီး သင်ကဲ့သို့ ဖောင့်ဖြည့်ပါ။ ပြီးလျင် သင့်ပို့လိုက်သော form 842 နှင့် သူ့၏ form 681 ကို ပူးတွဲပြီး
NSW Offshore Humanitarian Processing Centre
GPO Box 9984
Sydney NSW 2001
AUSTRALIA
သို့ စာတိုက်မှ ပို့ပါ။
သင်တို့ ၂ ယောက်ဖြည့်သော ဖောင်သည် အချက်အလက် ပြည့်စုံလျင် ၇ ရက်အတွင်း အစိုးရမှ သင့်တို့၏ ဖောင်အား လက်ခံရရှိပါသည်ဟု ပို့သူထံ စာပြန်လိမ့်မည်။ အချက်အလက် မပြည့်စုံပါကလဲ မပြည့်စုံကြောင်း စာပြန်ပါလိမ့်မည်။
ထို free ရသော ကျွန်ုပ်တို့ ဖြည့်ရသည့် form 842 ကို အလွယ်တကူ အင်တာနက်မှ free မထုတ်တက်သောသူများကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် CRC ရုံးမှ ရင်းဂစ် ၅၀ နှင့် ရောင်းပါသည်။ form မဖြည့်တက်သူများကိုလဲ ထိုရုံးမှ ရင်းဂစ် ၁၀၀ ဖြင့်ဖြည့်ပေးသည်ဟု သိရပါသည်။ ယခု အခြေနေမသိပါ။
ယခုဖော်ပြပါ အချက်လက်တချို့အား အငြင်းပွားလာခဲ့သော် ကျွန်တော် ပေးထားသော links များတွင် ၀င်ရောက်ဖတ်ကြည့်နိုင်ပါသည်။ form 842 အားပြည့်စုံစွာ ဖတ်ပြီးမှာသာလျင် ကျွန်တော့်အား အပြစ်တင်ပါ။ တစ်စုံတစ်ယောက်သည် သင့်အား အပြစ်တင်ခဲ့သော် ကျွန်တော်ပေးထားသော form 842, form 681 and SHP တို့အား ဖတ်ပြီးပြီလား ဟုမေးပါ။ လူတချို့သည် ကြားစကားများဖြင့် ဖွသောကြောင့် ဤကဲ့သို့ ရှင်းပြရခြင်းဖြစ်ပါသည်။
သင့်၏ LIKE , COMMENT AND SHARE သည် ကျွန်တော့အား နောက်ထပ် အကြောင်းအရာများထပ်ရေးစေရန် အင်အားဖြစ်စေပါသည်။
ကျွန်တော်တင်သော ယူအင် ပိုစ်များကြောင့် သူငယ်ချင်းတို့သည် အဆင်ပြေခဲ့ပါက ကျွန်တော်သည်လဲ သူတို့ကဲ့သို့ ရရှိခံစားရပါလို၏

Monday, April 20, 2015

စိုးလို့ပါ


 
★“ စိုးလို့ပါ ”♪♫

ချစ်သူ…
နောက်မကြည့်စတမ်း လှည့်ထွက်သွားတာ…
စိမ်းကားတတ်လို့ မဟုတ်ဘူး..
မြင်နေလျှင်.. မျက်နှာ မလွှဲနိုင်မှာ စိုးလို့ပါ…။

ချစ်သူ…
တမ်းတစကား တစ်ခွန်း မဆိုခဲ့တာ…
မလွမ်းတတ်လို့ မဟုတ်ဘူး…
နင်မယုံလျှင်… ရင်နာရမှာ စိုးလို့ပါ….။

ချစ်သူ…
ချစ်တယ် ပြောတိုင်း… ရင်ထဲ မထည့်ခဲ့တာ …
မေတ္တာတွေကို မခံယူတတ်လို့ မဟုတ်ဘူး…
နင် ညာခဲ့လျှင်… ငါ ရင်ကွဲမှာ စိုးလို့ပါ….။

ချစ်သူ…
ခွဲခွာကြမယ် ပြောတိုင်း… ငိုမပြခဲ့တာ…
မတွယ်တာတတ်လို့ မဟုတ်ဘူး….
ပြန်မဆုံနိုင်ခဲ့လျှင်… ငါ ရူးသွပ်သွားမှာ စိုးလို့ပါ…။

ချစ်သူ…

လွမ်းနေတယ်လို့.. ငါ မပြောခဲ့တာ…
သံယောဇဉ် မထားတတ်လို့ မဟုတ်ဘူး...
ငါ့ မျက်ရည်တွေနဲ့.. နင် ခြေဆေးခဲ့မှာ စိုးလို့ပါ….။

ထာဝရ "နွေဦးမေ"

Thursday, April 16, 2015

ရင်ခိုက်နွေ


★“ ရင်ခိုက်နွေ "♪♫
နွေအရောက်ဝယ်..
မြူမင်းရယ်ဝေ့...
လေအဝှေ့သင့်..
ကြွေဝဲ လွင့်ပါ... ရော်ရွက်ဝါ...။

ပုရစ် စီနေ...
ကံ့ကော်တွေနဲ့…
ဥသြတွန်ရစ်...
လွမ်းသူနစ်စေ... ပိတောက်ဝေ…။
ရင်ဝေ အတွေး...
လွမ်းဆွေးရသ...
သင်္ကြန်ကျလေ.
လွမ်းငွေ့ ဝေခဲ့...
နွေရက်တွေရဲ့.. ရင်ခုန်သံ။
ထာဝရ "နွေဦးမေ"

Wednesday, April 15, 2015

အထီးကျန်အတာ


**" အထီးကျန်အတာ"**
အင်းးး……
ဘာလိုလိုနဲ့ သင်္ကြန် အကြတ်နေ့ ရောက်ခဲ့ပြန်ပြီကွယ်…
တစ်ကယ်တော့လည်းးး……
ဒီ အတာသင်္ကြန်ဟာ…
ကိုယ်နဲ့… မဆိုင်သလိုပါပဲလေ…။

သင်္ကြန် မလည်ဘူးးလားး လို့…
လာ လာ မေးသွားကြတဲ့…
သူငယ်ချင်းတွေကိုပဲ… စိတ်ဆိုးရမှာလား…
အခါခါ ခေတတ်တဲ့… ကံကြမ္မာ နတ်ဆိုးကိုပဲ…
ယိုးမယ် ဖွဲ့ရမလားးး…
တစ်ကယ်ဆို… ဒီ တစ်ခါ နွေဦးမှာ…
ကိုယ် ပျော်မနေဘူးးး အချစ်ရယ်……။
ဥသြတေးးတွေ မချိုလှသလို…
ပိတောက်ဝါတွေလည်း…
မမွှေးမြဘူး ချစ်သူရဲ့…
နွေလေပြေလေးး သွေးမလာသလို
အတာရေလေးလည်း မအေးမြပါဘူး …
တူးပို့ သံလည်း… နားမဆင်ချင်သလို…
သင်္ကြန် အကတို့လည်း …
လှတယ် မထင်မိတော့ပါ …။
ချစ်သူရယ်…
အချစ်ဆုံး သိမယ် ထင်ပါတယ်…
စမ်းတွေကောတဲ့ ဒီ နွေတစ်ကြောက…
ရွက်ကြွေတောမှာ…
ကိုယ် တစ်ယောက်ထဲရယ် …
လွမ်းတယ် ချစ်သူရေ…။
ပန်းတစ်ရာ ဝေတဲ့… ဒီ နွေလမ်းမှာ…
အလွမ်းဖြာဝေဆဲ… ကိုယ် ရင်ထဲ နာကျင်…
ချစ်သူ မမြင်ပါစေနဲ့လေ…
ခါဂိမ္မာန်ရဲ့ အပူဒဏ်တွေကို … ကိုယ်တစ်ယေက်ထဲသာ…
ရင် ဆီး ခံနေ…
ချစ်သူ မမြင်ပါလေနဲ့ ကွယ်……။
ထာဝရ "နွေဦးမေ"

Friday, April 10, 2015

'' ပွဲတွေ့ ''


'' ပွဲတွေ့ ''
အချစ်ကဗျာ အရေးများသမို့
မေတ္တာ အဆွေးသမားလို့လည်း
အမေးစကားတွေ ရှိလာပြီ။
အလွမ်းနဘေထပ်တာမြင်လည်း
ပန်းအကြွေဇာတ်မှာရင်ကွဲသလားလို့
ထင်ရဲအားသည်။
သရုပ်ဖော်လာ သေချာငိုတဲ့
နှုတ်မော်စရာ နွေကြမ္မာကို
ထုတ်ဖော်ကာ မကြေညာလိုလည်း
ဝေဒနာကို ပြောပြမည် …
မောလျပြီကွယ့် သည်ဇာတ်လမ်း။
နှလုံးမသာယာ သည်ချစ်ခြင်းတွေက
မပြုံးသာ အသစ်နှင်းလေမှ
အရှုံးကြမ္မာ အဖြစ်ခင်းရှည်လို့
သင်းကြည်ထုံ မနမ်းထိုက်လေတဲ့
နှင်းဆီငုံ ပန်းမကိုဋ်ရယ်က
အလွမ်းပိုက်ကာ ကျန်နေရစ်စေတော့
ကံ … နွေအညစ်မှာ
မာန် … ကြွေ … နစ် ကာပဲ
ချစ်ကမ္ဘာ စခန်းသုဉ်းအောင်
အဖြစ် .. နာ, အလွမ်းဖုံးလို့
လမ်းဆုံးလည်း ရွာမတွေ့နိုင်မှ
နှစ်လွှာသွေ့ နှုတ်ခမ်းနဲ့
ရှာသရွေ့ ကြမ်းသတဲ့
(သြော် …)
ငါ … တွေ့တဲ့ … အလွမ်း။
*** *** ***
ဟိန်းဆက်သွင်
9:42(am)
10/4/2015

Wednesday, April 8, 2015

အရှုံး


အရှုံး
*****
လူတကိုယ် စိတ်တမျိုးနဲ့
ကိုယ့်ကိုယ်ကိုတောင် စိတ်ဆိုးတတ်တဲ့လူက
အကြောင်းအကျိုးကို ပယ်
အကောင်းအဆိုးကို ချယ်လှယ်ဖို့
သူတပါးအပေါ် အားမထုတ်မှီခင်မှာ
ကိုယ်ရလိုက်တာက သောက...တဲ့
အဲဒီမှာ အရင်းရှုံးတာပဲ။

ရှုံးတာကို မမြင်ရှာ
ဆင်ခြေရှာ အပြစ်ပြော
မုသားတောမှ ကိုလူလည်က
သူများကို လက်ညှိုးထိုးပြပြန်ရော... တဲ့
အဲဒီမှာ ဉာဏ်စဉ်ရှုံးတာပဲ။
လက်ညှိုးထိုးရင်း အပြစ်တင်
ကိုယ့်သခင် ကိုယ်မှန်းမသိ
ကံနဲ့ ကံ၏အကျိုးဆက်မှာ
သံသရာဆက်မယ့် မီးတစ
မွှေးပြလို့ စိမ်ခေါ်ကြ...သတဲ့
အဲဒီမှာ သိက္ခာရှုံးတာပဲ။
စိမ်ခေါ်လို့ ရှင်းကြေးဆို
သတင်းမေးသလို ဆွေသဟာတချို့
လက်တို့လို့ အမှားပြပြန်တော့
ခါးစက သီလကိုဖြုတ်
လူမလုပ်တော့မယ့် အယူမှားက
သူကသာ အမှန်ဆိုပြန်.. သတဲ့
အဲဒီမှာ လူဖြစ်ရှုံးရောပဲ။
လူဖြစ်ရှုံးတဲ့ ဖြစ်စဉ်
ဘယ်လိုပင် မာန်တွေတင်းပေမယ့်
ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှ
ပြေးထွက်ရတဲ့ လူငချဉ်ဟာ
ဘယ်မှာလာ ပျော်နိုင်အံ့နည်း။
YaeTayZa

Tuesday, April 7, 2015

သံယောဇဉ်


သံယောဇဉ်
*----
ရိုးခနဲရိပ်ခနဲ
ပြေးအပ်မိလိုက်တဲ့နွယ်တွေ
ရိတ်သိမ်းဖို့မလွယ်
ရုတ်သိမ်းဖို့ခက်
အချစ်လို့ အလွယ်တကူအမည်မတပ်ချင်ခဲ့ပေမယ့်
အချစ်လို့ပဲ သတ်မှတ်လိုက်ရတယ်။

Sunday, April 5, 2015

ကိုယ်ချင်းစာစိတ်


လက်ထပ်ခြင်းဆိုတာ မိန်းမတယောက်အတွက် မရှိမဖြစ်လိုအပ်ချက်မဟုတ်သလို အတူနေခြင်းကလည်း လိုအပ်ချက်မဟုတ်ပါဘူး..
တကယ်တမ်းလိုအပ်ချက်ဆိုတာ ကိုယ်ချစ်တဲ့သူကို နှစ်သက်စွာ မက်မောစွာ သိမ်မွေ့စွာ ချစ်နေဖို့ပါ..
သို့သော်လည်းတဖက်လူကအဆက်အသွယ်မလုပ်တော့တဲ့အခါမှာတော့ ခေါင်းကိုက်ခံပြီးစဉ်းစားမနေပါနဲ့.,
သူပတ်သက်ချင်တုန်းက ရအောင်ဆက်သွယ်ပြီးမပတ်သက်ချင်တော့လို့  မဆက်သွယ်တော့တာ မထူးဆန်းပါဘူး..
ဘာကြောင့်လမ်းခွဲသွားရလဲဆိုတဲ့ မေးခွန်းတခုကိုပဲ ထပ်ခါတလဲလဲ စဉ်းစားမနေပါနဲ့.,အဖြေကတခုထဲပါ လမ်းခွဲချင်လို့ ခွဲသွားတာပါ..
ဒါပေမဲ့ အဲ့ဒိတဖက်လူရဲ့စိတ်ထဲမှာတော့ငါသာသူ့နေရာမှာဆိုရင်လို့ တွေးတတ်ဖို့စိတ်ဓာတ်လေးတော့ ရှိဖို့လိုပါတယ်.,အဲ့စိတ်ဓာတ်လေးကလောကမှာလူသား
အားလုးံ ဘာသာအားလုးံ လိုက်နာရမယ့်ချစ်စရာစိတ်ဓာတ်လေးပါ..
တနည်းအားဖြင့်တော့ အဲ့စိတ်ဓာတ်လေးကို ကိုယ်ချင်းစာတရားလို့ခေါ်ပါတယ်..
အချစ်မှာ နားလည်မှုနဲ့ပေါင်းစပ်တာလောက် ခိုမြိန်တဲ့အရာလောကမှာမရှိဘူး.

Friday, April 3, 2015

ပင်လယ် မမှားပါ


★"ပင်လယ် မမှားပါ"♪♫
ပင်လယ်ရေ..
နင် မဟုတ်ဘူး… ငါ့ဘက်က မှားတာပါ…
အပြောကျယ်သလောက်.. မာယာများလှပေမဲ့..
ငါ နင့်ကို သိပ်ချစ်သွားခဲ့ပါတယ် ပင်လယ်ရယ်…။

မသောက်လိုက်ရဘဲ… မှောက်ကျသွားခဲ့တဲ့.. ကော်ဖီခါးခါးတစ်ခွက်….
အရောင်ပျက်ပြယ် နွမ်းဖျော့နေခဲ့တဲ့… သားရေ ခါးပတ်ဟောင်းကလေးတစ်ချောင်း….
တစ်ထောင်းထောင်းထအောင်.. ဖွာရှိုက်နေခဲ့တဲ့… စီးကရက် မီးခိုးငွေ့တွေ အကြား…
နင် ထားသွားခဲ့တဲ့.. အချိန်က စ… ကျောက်ဖြစ်သွားတဲ့ နှလုံးသားတစ်ခု…
သိပ်ချစ်တတ်ခဲ့မိတာ…. နင် မုန်းစရာ ကောင်းသွားမှန်း…
ငါ သိထားခဲ့တာလည်း… သိပ်မကြာသေးဘူး.. ပင်လယ်ရယ်…။
Laptop လေး နံဘေး… အမှတ်တရ ထားဖြစ်ခဲ့တဲ့ …
Memory stick ဖြူဖြူကလေးက… မချိပြုံးလေး… ပြုံးပြနေခဲ့တယ်….
“ဒီကောင်မလေး အတွက်” ဆိုတဲ့…. မြန်မာ Flash song တစ်ပုဒ်က…
အိမ်မက် ပျောက်.. ညတွေကို… ခြွေချနေခဲ့တယ်....
ငါ မငိုပါဘူး.. ပင်လယ်ရေ…..
ပါးပြင်ပေါ် ပေနေတဲ့.. .. မျက်ရည်စ တစ်ချို့က..
သူ့ အလိုလို ကျလာခိုက်… သုပ်ဖယ်ချိန် မရလိုက်တာပါ… ပင်လယ်ရယ်….။
ရေပြာပြာ လှိုင်းကြမ်းကြမ်းတွေလို.. အနားကပ်လာတဲ့.. နင့်ကို…
ခွဲခွာ ထွက်ပြေးမသွားရလေအောင်.. ဆွဲဆောာင်မထားနိုင်ခဲ့တဲ့.. သောင်ကမ်းစပ် ငါ….
နင့် အကြင်နာတွေ.. သိပ်ခါးတယ် ဆိုတာကို …
ဘယ်အရာမှ.. ပြင်ဆင်ချိန် မရလိုက်သည် အထိ…
အသိ… နောက်ကျခဲ့ခြင်းကတော့ ….
ငါ့ ဘ၀ရဲ့…. အကြီးဆုံး အမှားပေါ့…. ပင်လယ်ရယ်…။
သိပ်ချစ်မိလို့.. သိပ်လွမ်းခဲ့ရတဲ့... ပင်လယ် ရဲ့ ကမ်းစပ်...
ထာဝရ .. "နွေဦးမေ"

Tuesday, March 31, 2015

အလုပ်ထွက်ချင်စိတ်၊ အလုပ်မှာ မပျော်တဲ့စိတ် ဖြစ်ပေါ်နေပြီဆိုရင်


အလုပ်ထွက်ချင်စိတ်၊ အလုပ်မှာ မပျော်တဲ့စိတ် ဖြစ်ပေါ်နေပြီဆိုရင်
========================================
၁။ သုံးသပ်ကြည့်ပါ။
ဒီလိုပြဿနာတွေဖြစ်ပေါ်နေပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဘယ်လို၊ ဘာကြောင့် အလုပ်ထွက်ချင်နေရတာလဲဆိုတာ သုံးသပ်ကြည့်ပါ။
၂။ စဉ်းစားပါ။
ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပြီးနောက် ငါလက်ရှိအလုပ်ကနေ ထွက်ခွာသင့်ပြီလား။ အလုပ်သစ် ရှာသင့်နေပြီလား၊ ဒါမှမဟုတ် ငါ ခံစားချက်တစ်ခုခုကြောင့်လားဆိုတာ သေသေချာချာစဉ်းစားသင့်ပါတယ်။ မိမိပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် အလုပ်ကို အလျင်စလိုမထွက်လိုက်ပါနဲ့။ ခဏလောက်ခွင့်ရက်ရှည်ယူပြီး အနားယူလိုက်ပါ။ နောက် မိမိခံယူချက် စိတ်ခံစားချက်ကို ပြောင်းကြည့်လိုက်ပါ။ အကောင်းမြင်ဝါဒနှင့် စိတ်သစ်နှင့်အလုပ်ခွင်ကို ပြန်လည်းဝင်ရောက်လုပ်ကိုင်ကြည့်ပါ။လက်ရှိအလုပ်က ကိုယ်နှင့်ဘယ်လိုမှ စည်းဝါး မကိုက်တော့ဘူး ဆိုရင်တောင် နောက်အလုပ်သစ်ရှာမတွေ့မချင်း ချက်ချင်းကြီး မလုပ်မထွက် လိုက်ပါနှင့်။ မစွန့်လွှတ်လိုက်ပါနှင့်။
၃။ အထက်လူကြီးနှင့် တိုင်ပင်ဆွေးနွေးလိုက်ပါ။
အလုပ်ကြောင့်၊ လုပ်ဖော်ကိုင်ဖက်တွေကြောင့်၊ လက်ရှိအလုပ်မှာ မပျော်ရွှင်တာကြောင့် ထွက်ချင်တာဆိုရင် အကောင်းဆုံးက ပွင့်ပွင့်လင်းလင်း ကိုယ့်အထက်လူကြီးနှင့် တိုင်ပင်သင့်ပါတယ်။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေဘူးဆိုရင် သူဌေးနှင့် ရင်းနှီးစွာဆွေးနွေးသင့်ပါတယ်။ ဒီလိုဆွေးနွေးရာတွင် ပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေ မပါဝင်သင့်ပါဘူး။ မပုတ်ခတ်သင့်ပါဘူး။ ဒီလိုဆွေးနွေးခြင်းက ကိုယ့် အခက်အခဲတစ်ခုကို အတိုင်းအတာတစ်ခု လျော့ချပေးနိုင်ပါတယ်။
၎။ ဘယ်လိုပင်ဖြစ်စေ ချက်ချင်းကြီး အလုပ်ထွက်စာ မတင်လိုက်ပါနှင့်။
အပေါ်မှာပြောခဲ့သလို လူကြီးနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ခရီးရက်ရှည်ထွက်ပြီးနောက် ကိုယ့်ခံယူချက်တွေ ကို ပြောင်းလဲကြည့်ပြီးနောက် ဘာမှမထူးခြားဘူးဆိုရင် လက်ရှိအလုပ်ကနေ ထွက်ခွာချိန်တန်နေပါပြီ။ ဒါပေမဲ့ ချက်ချင်းကြီး ထွက်စာတင်ပြီး အလုပ်မထွက်လိုက်ပါနှင့်။ ကိုယ့်အတွက် နောက်အလုပ် အဆင်သင့်ရှိမှသာ အလုပ်ထွက်စာတင်ပြီး အလုပ်ထွက်ခွာသင့်ပါတယ်။
၅။ ဝန်ထမ်းကောင်း တစ်ယောက်ပီသပါစေ။
အကယ်၍ သင်အလုပ်ထွက်စာတင်ပြီးရင်တောင် ကျန်ရှိနေသေးတဲ့ အချိန်ကာလကို ကောင်းကောင်းမွန်မွန် ဆက်လက်လုပ်ကိုင်သွားဖို့ အရေးကြီးပါတယ်။ လက်ရှိအလုပ်က ဘယ်လောက်ပဲ စိတ်ပျက် ဖို့ ကောင်းကောင်း မိမိဘက်မှ အကောင်းမွန်ဆုံး စွမ်းဆောင်ပေးလိုက်ပါ။
Credit to: MyJobMyanmar
Unicode Version

Saturday, March 21, 2015

စိတ်ဓာတ်ကျနေလားသူငယ်ချင်း?

စိတ်ဓာတ်ကျနေလားသူငယ်ချင်း?
=====================

အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ကျွန်တော်တို့ လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့
မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊စာမေးပွဲကျလို့၊
ရုပ်မလှလို့ အမျိုးမျိုးကို စိတ်ဓာတ်ကျနေတတ်ကျပါတယ်။စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့ သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။

တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။ ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူး။ သာမန်ရုံးဝန်ထမ်း တစ်ယောက်။သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိ
တယ်ဆိုပါစို့။ အဲဒိIphoneလေးtaxiပေါ်မှာ မေ့ကျန်ခဲ့တယ်ဆိုပါစို့။ သင်ဘယ်လိုခံစားရမလဲ?ခဏလောက်တွေးကြည့်လိုက်ပါ။
၇သိန်း၊၈သိန်း လောက်တန်တဲ့ပစ္စည်းတစ်ခုအတွက်တောင် သင်အဲ့ဒိလောက်စိတ်သောကတွေရောက်ပြီး
စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့
သူတွေရော ဘယ်လိုစိတ်ထဲမှာ ဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီ ဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ ဒိထက်ပိုချမ်းသာအောင်လုပ်နေကြတဲ့ သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကို မပျောက်ပျက်အောင်အမြဲထိန်းသိမ်းနေရပါတယ်။
တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့ သတ်မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်လိုက်
ပါတယ်။သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။

ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို မရရှိကြပါဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့အနားသတ်လိုက်တယ်။
သူတို့ရဲ့ညီမျှခြင်းက လောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။
ကြာလာတော့ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာ
မရှိတော့ဘူး။သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။
သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကိုအရမ်းမတ်တဲ့ တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲ။
သူတို့တက်တာမြင့်လာလေလေအဲဒိကျောက်တုံးကြီးကို နောက်ပြန်
မကျအောင် အားပိုစိုက်ရလေလေပါပဲ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေ တုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေးတွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ
ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ထိပ်ဆုံးရောက် သွားကြတယ်။ဒါပေမယ့် နောက်ထပ်တက်ရမယ့် တောင်တွေအများကြီးရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင် မှုနောက်ကိုလိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကို
ဆုံးရှုံးလိုက်ရတယ်။ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးပါတယ်။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိက အကြောင်းရင်းတော့ မဟုတ်ပါဘူး။ ပိုက်ဆံကအစိတ်အပိုင်းတစ်ခုထက်မပိုပါဘူး။ ဒါပေမယ့် ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်ပါတယ်။ ပိုက်ဆံကပျော်ရွှင်မှုလို့ သင်သတ်မှတ်ရင်တော့ ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်း သပ်ကြည့်လို့ရပါတယ်။

သင်ကအဲ့ဒိလိုမထင်ဘူးဆိုရင်တော့ အောက်ပါနည်းလမ်း(၃)မျိုး
အတိုင်းစမ်းကြည့်လိုက်ပါ။ သင်ရဲ့ ကျနေတဲ့ စိတ်ဓာတ်တွေပြန်တက်လာပါလိမ့်မယ်။

(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။
ကျွန်တော်တို့ဘုရားရှင်ကပြောတယ်။ “The mind is everything.
What you think you become” –Buddha စိတ်ကအရာရာပါပဲ။ သင်တွေးတဲ့အတိုင်းသင်ဖြစ်လာလိမ့်မယ်။ ဥပမာ သင်ကြုံဖူးလား? သင်မှန်ထဲကြည့်လိုက်တော့ တစ်ခါတစ်လေ သင့်ရုပ်က ကြည့်ကောင်းနေတတ်ပါတယ်။ အဲဒိအချိန်ဆို သင့်ကိုယ်သင် အားရနေပါလိမ့်မယ်။ လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ အဲ့ဒိလိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံးလူသားမျိုးနွယ်တွေဖြစ်နေပါတယ်။
နှာခေါင်းမလှဘူး၊နားရွက်ကားတယ်၊မျက်လုံးကဆွေတယ် စသဖြင့် ကိုယ့်ကိုကိုတမုန်းကဲ့ရဲ့ပြီးစိတ်ဓာတ်ကိုအောက်ဆုံးထိဆွဲချလိုက်ကြ
တတ်ပါတယ်။ အဲဒိလိုနေ့မျိုးဆိုစိတ်ဓာတ်တွေကျလို့ပေါ့။

သင့်ကိုယ်သင်ယုံကြည်မှုကကျသွားတယ်။အကျိုးဆက်အနေနဲ့
တစ်နေ့လုံး ဘာလုပ်လုပ်အဆင် မပြေဖြစ်နေတတ်ပါတယ်။
ဘာကြောင့်လဲ ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်။ သင်ကလည်းအကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ တကယ်တော့ လွင့်မျောနေတဲ့တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။

အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။ ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်း ရပါတယ်။ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာ ရပါလိမ့်မယ်။သင်ဒီစာကိုဖတ်နေကတည်းက သင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာ သေချာပါတယ်။
သင့်အတွေးတွေ နည်းနည်းလောက်ပြောင်းကြည့်ပါ။
သင့်ရဲ့အထက်က သူတွေချည်းပဲမကြည့်ပါနဲ့။ မော့ကြည့်လွန်းရင်လည်း ဇာတ်ညောင်းတတ်ပါတယ်။ အညောင်းပြေအညာပြေ အောက်ကို တစ်ချက်လောက်ကြည့်ကြည်ပါ။

သင်စိတ်ဓာတ်ကျနေတယ်ဆိုရင်Busကားတွေကြားထဲပြေးလွှားပြီး
ပန်းရောင်းနေတဲ့ကလေးတွေ၊သူများကျောင်းစိမ်းဝတ်စုံလေးတေ
ကိုငေးကြည့်နေတဲ့ကလေးတွေ၊တစ်နေ့လုံးမှာ ထမင်းတစ်နပ်ပဲ စားရတဲ့သူတွေ၊အာဖရိကက၂ရက်မှတစ်ခါလောက်အစားအစာ
စားခွင့်ရတဲ့ကလေးတွေ သင်အားနာ နိုင်ပါတယ်။သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကို အားနာပါအုံး။မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကိုရင်ဆိုင်နိုင်ရင် သင်ကရော? သင့်မျက်လုံးမလှဘူးထင်ရင် တစ်ခါလောက်မျက်စိမှိတ်ပြီး လမ်းလျှောက်ကြည့်ပါအုံး။

မျက်စိမမြင်တဲ့သူတစ်ယောက်ဆိုရင်ရောဘယ်လိုနေမလဲ? သင်အရမ်းကံကောင်းပါတယ်။သင်ဒီစာကို ဖတ်နေနို်င်ပါတယ်။ဘ၀ရဲ့အလှအပတွေကိုခံစားနိုင်ပါတယ်။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။
ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။

“အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က
ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲ ၊စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့။ ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့”

လူတွေရဲ့အတွေးတွေဟာ
လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံးအကောင်းမြင်ကြည့်ပါ။ သင်အရင်ထက် စိတ်ချမ်းသာလာတာတွေ့ရပါလိမ့်မယ်။

(၂) သင့်ကိုသင်ချီးကျူးပါ။
သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကို ခဏလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ် တစ်ခုခုအောင်အောင်မြင်မြင်ပြီး ဆုံးသွားရင်သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အချင်းရှိပါတယ်။သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှ မရှိဘူးလို့ သင်ထင်လို့လား?ချီးကျူးစရာ တစ်ခုရအောင်ဖန်တီးပါ။ ဥပမာစိတ်သဘောထားကောင်းအောင် နေကြည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာကောင်းတဲ့အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကိုနှိမ့်ချပြီး နေကြည့်ပါ။ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့
အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူ တစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ဒါကလည်းတော်တော်ကို
ချီးကျူးစရာကောင်းတဲ့အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုပါဘူး။လုပ်ချင်တဲ့ဆန္ဒပဲလိုအပ်ပ
တယ်။ နောက်တစ်ချက် အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း
စိတ်ချမ်းသာပါတယ်။

(၃) ဘောင်ထဲမှာမနေပါနဲ့။
သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကို
မလုပ်နိုင်ဘူး၊ အခက်အခဲတစ်ခုကို မဖြတ်ကျော်နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။
ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ်းရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက် ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုယ်သင်ချီးကျူးဖို့အရာတွေ တိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။
ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊၀သည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍
သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာပါ။ လောကကြီးနဲ့
အသားကျဖို့ဆိုတာ အရင်ဆုံး သင့်ကိုယ်သင် လက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင်သင့်ရဲ့ရုပ်ရည်ဟာသိသိ
သာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြည့်နဲ့ အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။ အသားမည်းမည်းနဲ့ရုပ်ချောလို့လား?မချောပါဘူး။
ဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်း
ပါတယ်။သင့်ကိုယ်သင် ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည်ကို အများအမြင်မှာပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့်
သင့်ကိုသင်လက်ခံပါ။ယုံကြည်ပါ။

ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။ သင့်စိတ်ကိုအကျဉ်းမချထားပါနဲ့။

စိတ်ဓာတ်ကျနေသူတွေအတွက် အကျိုးတစ်စုံတစ်ရာရှိမယ်လို့ မျှော်လင့်ပါတယ်။

မိုးရှင်း (I.M.T)

www.reddotnetwork.com.mm
#reddotnetwork

Monday, March 9, 2015

သံသရာ သစ္စာ


★“သံသရာ သစ္စာ"♪♫

ပင်လယ်…
ကျယ်တယ်ဆိုတဲ့… ဂုဏ်အင်နဲ့…
ဆုံးစ မရှိဘူး ထင်ရပေမယ့် …
အနားသပ် ကမ်းစပ် ကတော့.. ရှိနေခဲ့တယ် ….၊
ဘ၀…
ရှည်လွန်းတယ်.. ဆိုတဲ့ အမြင်…
လျှောက်ရတာ.. ပင်ပန်းတယ် ထင်ရပေမဲ့…
ဇာတိ နဲ့ စ… မရဏ မှာ.. အဆုံးသတ်ပါတယ် .…။

ပင်လယ်…
“သင်ဖျာ”ကလေး ခင်းထားသလို…
လှိုင်းကြက်ခွပ်တို့… တစ်ငြိမ့်ငြိမ့်နဲ့…
သိမ့်သိမ့်ကလေး သာယာနေတတ်တယ်...၊
ဘ၀…
လိုအင် ဆန္ဒ မှန်သမျှ.. ရရှိ….
ငြိမ်းချမ်းခြင်း အတိပြီး…
ပျော်ရွှင်ခြင်း အပြည့်နဲ့.. ချမ်းမြေ့နေတတ်တယ်...။

ပင်လယ်…
ကြမ်းတမ်းတဲ့.. လှိုင်းတံပိုးထန်…
ဝုန်းဒိုင်းဆန်ခတ်လို့… တွေ့သမျှ ၀ါးမြို….
ဘေးဆိုးတွေ… ပိုစေတတ်တယ်…၊
ဘ၀….
ကြမ္မာက ရိုင်း… ကံက ခိုင်းလို့…
မုန်တိုင်း ဆင်သလို.. ငိုရတဲ့ နေ့တွေ …
လောကဓံ စေ … သောက ပွေတတ်တယ်….။

ပင်လယ်….
ဘယ်လောက် ကျယ်ကျယ် .. ဘယ်လို ရိုင်းရိုင်း …
ဖမ်းစားနိုင်တဲ့ ဂုဏ်အင် တစ်ကြိမ်မြင်ရုံနဲ့…
မခွဲချင်အောင်.. ခင်တွယ်စေတတ်တယ်...၊
ဘ၀….
ဘယ်လောက် ရှည်ရှည်.. ဘယ်လို ကြမ်းကြမ်း….
လျှောက်လှမ်းရတာ.. ပင်ပန်းပါစေ…
ထူးချင်လဲ ထူး… ရူးရင် ရူးစေ့….
မေ့မေ့မူးမူး.. အထူး တပ်မက်…
ရှင်သန်သက်တော့.. ရှည်ချင်ကြသည် ....။

ဘ၀ ပင်လယ်…
ကျင်လည်တဲ့ အခါ….
ဓန ဒါန.. သီလ ဘာဝနာ….
ဘယ်အရာ… ရရ…. ဘ၀ သမ္ပဇာဉ် ….
တပ်မက် နွယ်ငင်.. ငြိတွယ် လွယ်သော …
ကာမဇောဖြာ… သံသရာ သစ္စာ…..။

ထာဝရ "နွေဦးမေ"

Saturday, March 7, 2015

ပျို မေတို့ သိစေဖို့ 


ရင့်ကျက်သွားတဲ့
မိန်းကလေးတစ်ယောက်ရဲ့အပြုံးဆိုတာ
မျက်ဝန်းမှာပဲ တွေ့နိုင်တော့တာမျိုးပါ

သစ်ရွက်ကြွေတာမြင်ရင်
ရင်မခုန်တော့ပေမဲ့
ပတ်သက်ခဲ့ဖူးတဲ့ အတိတ်ကိုတော့
လွမ်းလွမ်းဆွေးဆွေး ပြန်ငေးမိတက်စမြဲပဲလေ

တည်ငြိမ်နေပြီ ပြောပြော
တစ်ယောက်တည်း ရပ်တည်နေနိုင်ပြီဆိုဆို
အားငယ်ချိန်တိုင်းတော့
ဘေးနားရှိနေစေချင်မိသေးတာပါ

မတွေ့မမြင်တာ ဘယ်လောက်ကြာကြာ
တခါတလေ အဆင်ပြေပါစေလို့ တော့
ဆုတောင်းပေးဖြစ်နေမြဲပေါ့

တကယ်တော့
ရင်မခုန်တက်တော့တာ မဟုတ်ပါဘူး
ခံစားချက်ကို အလိုမလိုက်ချင်တော့တာပါဟာ

( ပုံရိပ်စစ်)

Monday, March 2, 2015

သူနဲ့ကျွန်မ (၂)


သူနဲ့ကျွန်မ (၂)
------------------
သူသည် ကျွန်မတယုတယပျိုးခဲ့ရသော
ဆူးတွေချည်းပွင့်လာသော
နှင်းဆီတစ်ပင်ဖြစ်သည်။
သူသည် ကျွန်မနှလုံးသားပေါ်
တင်သွေးခဲ့ရသော မြှားချွန်တစ်စင်း ဖြစ်သည်။
သူသည် ကျွန်မရင်ဘတ်ပေါ်တွင်
ရေလောင်းပေါင်းသင်း ပျိုးခဲ့ရသော
ချွန်မြသော ဓါးတစ်စင်းဖြစ်သည်။
ကျွန်မ၏နေ့များ၊ ကျွန်မ၏ညများ
ကျွန်မ၏စက္ကန့်အချက်ချက်တိုင်း
သူ့နာမည်လေး၏ အဓိပ္ပါယ်ဖြင့်
ရှင်သန်ခဲ့ကြောင်း သူမှတပါး အခြားသူတိုင်းကို ကျွန်မပြောပြဝံ့ပါသည်။
ကျွန်မတို့ ချစ်ဖူးခဲ့ကြသည်။
ဘာနဲ့မှ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုစရာ မလိုတော့အောင်
ကျွန်မတို့ ချစ်ဖူးခဲ့ကြသည်။
သူ့ပုခုံးကို ခေါင်းမှီအုံးရုံမျှဖြင့်
လောကဓံအားလုံးကို ကျွန်မစိတ်ချခဲ့ဖူးသည်။
မိန်းမတစ်ယောက်၏ အချစ်နိုင်ဆုံးသော ချစ်ခြင်းအားဖြင့် ကျွန်မ သူ့ကို ချစ်မြတ်ရိုသေခဲ့သည်။
ယောက်ျားတစ်ယောက်၏ အရက်စက်နိုင်ဆုံးသော
ရက်စက်မှုများတွင်
သူများထက် ကျွန်မက ပိုမှောင်ခဲ့ရသည်။
သူများထက် ကျွန်မက ပိုနာခဲ့ရသည်။
သူများထက် ကျွန်မက ပိုငိုခဲ့ရသည်။
သူများထက် ကျွန်မက ပိုသေခဲ့ရသည်။
ကျွန်မ သေဆုံးသွားမှန်း သူမသိလောက်အောင်ကို
ကျွန်မတိတ်ဆိတ်စွာ မှောင်ခဲ့သည်။
ကျွန်မ၏ အသက်မဲ့သော နှုတ်ခမ်းများကို သူနမ်းသောအခါ စိမ်းရှသော လူသေနံ့ကို မာယာဖြင့်လွှမ်းမိုးသွားစေလောက်အောင်
ကျွန်မအရောင်က မှောင်ခဲ့ပြီဖြစ်သည်။
လွှင့်ပစ်ခဲ့သော မာနများကို
ကြေကွဲစွာ ကောက်ယူတပ်ဆင်
ချစ်ခဲ့ဖူးသမျှအတိတ်ကို ပုံပြင်လို နားဆင်ကာ
ကိုယ့်ကိုကိုယ်ချော့သိပ်ခဲ့ရသော ညများ
ထူထပ်လာခဲ့သည်။
နှလုံးသားကို နှလုံးသားနှင့် ခံစားမရနိုင်သောအခါ
အတူယှဉ်တွဲနေထိုင်ရခြင်းသည် တာဝန်ဝတ္တရား ဖြစ်လာခဲ့သည်။
သူရော ကျွန်မပါ
မည်သည့်အရာနှင့်မှ စစ်ထုတ်သန့်စင်မရတော့အောင် နာကျည်းမှုအထပ်ထပ်နှင့် နောက်ကျိခဲ့ပြီဖြစ်သည်။
သူက ဒေါ်လာဈေးနှင့် ကိန်းဂဏန်းများကို
ရေရွတ်နေချိန်တွင်
ကျွန်မက သီချင်းတစ်ပုဒ်ကို သဲ့သဲ့ညည်းနေခဲ့သည်။
သူက ကားဂျာနယ် အိမ်ဂျာနယ်ကို အံကျိတ်ဖတ်နေစဉ်အချိန်တွင်
ကျွန်မ ရသစာပေတစ်အုပ်နှင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့သည်။
သူက ဘဝဆိုတာတိုက်ပွဲလို့ လက်သီးလက်မောင်းတန်းနေစဉ်အချိန်တွင်
ကျွန်မက ဝလုံးလေးတွေကို ဝိုင်းအောင်ရေးနေခဲ့သည်။
သုညလေးတွေကို သီတံတွင်သီကာ ညယံလှလှကို စိတ်ကူးနှင့် ပန်ဆင်ပေးနေခဲ့သည်။
"မိဖုရားပဲ လိုချင်ခဲ့တာ။ ဘုရင်မကို ငါမုန်းတယ်" ဟု
သူဆိုလာချိန်တွင် ကစားပွဲက ပြီးခဲ့ပြီဖြစ်သည်။
သူက နိုင်သည်ထင်၍ စားသုံးနေသော အပျော်များတွင်
ကျွန်မလက်ဖြင့် ခပ်သော အဆိပ်များ ပြာနှမ်းတုန်ခါလျက်။
ကျွန်မ ခပ်အက်အက်ရယ်မောပစ်လိုက်မိသည်။
သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ အမုန်းဟာ
သေသွားရုံဖြင့် မလုံလောက်မှန်း သူ့ကို သိစေချင်လွန်းလှသည်။
ကျွန်မပေးသော အနမ်းများသည် နာကျည်းမှုဖြင့် စိမ်းလဲ့တောက်ပနေမှန်း ကျွန်မစိတ်ကို ဘယ်တော့မှ ဖတ်တတ်မှာ မဟုတ်တဲ့သူက ဘယ်သိနိုင်လိမ့်မလေလဲ
"မင်း ပြောင်းလဲသွားသလိုပဲ။"
ကျွန်မကို ပွေ့ဖက်ထားရင်း ဆိုလာသည့်
သူအပြောကို ကျွန်မက အေးစက်စွာ တစ်ချက်ရယ်လိုက်သည်။
စိတ်ထင်လို့နေမှာပါ မောင်ရဲ့ လို့ ကျွန်မက ခပ်ဝါးဝါးဆိုတော့ သူ့မျက်မှောင်တွေ ပိုကျုံ့လာခဲ့သည်။
"ငါသိတယ်။ မင်းကိုငါ ကောင်းကောင်းသိတယ်"
ကျွန်မကို သိသတဲ့လား။ ကျွန်မကို သူက သိသတဲ့လားလေ။
"ရှင် မသိပါဘူး။ရှင်ကျွန်မကို ဘယ်တုန်းကမှ မသိခဲ့ဘူး။ ကျွန်မ မျက်ဝန်းတွေထဲကို ကြည့်ပြီး
ဘာတွေခံစားနေရလဲ အချစ်ရယ်လို့ ရှင်မလေ့လာမိတာ မမှတ်မိနိုင်လောက်အောင် ကြာခဲ့ပြီ။ ကျွန်မပြောင်းလဲသွားတာ ရှင်ခုမှ သိသတဲ့လား။ သိပ်ညံ့တဲ့ ယောက်ျားပဲ။
ကျွန်မ ခုလိုပြောင်းလဲသွားအောင်
ရှင့်ဆီက ပြောင်းလဲမှုတွေကို ဘယ်လိုနှလုံးသားနဲ့ ထမ်းပိုး ခံစားခဲ့ရသလဲလို့ ကျွန်မကို တစ်ခါလောက် မေးစမ်းပါ။ "
"ကျွန်မက ရှင့်ရဲ့အရုပ်။ အချစ်ဆိုတာတစ်ခုအတွက် တစ်ဘဝလုံး ကုန်အောင် ရှုံးရဲခဲ့တဲ့ သောက်တလွဲ သူရဲကောင်းမ။ ရှင့်ရဲ့ ခပ်တိုးတိုးရယ်သံအောက်က ထာဝရအကျဉ်းသား။ ရှင်ညနက်ပြီး ပြန်လာတဲ့ ညတိုင်း အေးအေးချမ်းချမ်း အိပ်ပျော်နေနိုင်အောင် ကျွမ်းလောင်ခဲ့တဲ့ မျက်ရည်ညတွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ ဆိုတာ ကျွန်မကို စိတ်ဝင်တစား မေးစမ်းပါ"
"လိင်ရမ္မက်နဲ့ ပိုက်ဆံကလွဲရင်
ဘာမှမပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ဟာ ပြည့်တန်ဆာစော် သိပ်နံတယ် မောင်ရဲ့။
ကျွန်မ ဆက်မနေပါရစေနဲ့"
"ကျွန်မကို ကွာရှင်းပေးပါ"
နောက်ဆုံးစကားကို မတုန်မလှုပ်ပြောနိုင်ခဲ့သည့်အတွက်
ကိုယ့်ကိုကိုယ် ထိပ်လန့်စွာ ကျေနပ်ခဲ့မိသည်။
ကိုယ်ချိုးဖျက်ထွက်လာသည့် ခြေလှမ်းတိုင်းမှာ
အထီးကျန်မှု ရောစွက်သော ယုံကြည်မှုက အပြည့်။
ကောင်းကင်ကြီးကို မော့ကြည့်မိသည်။
လမင်းကြီးက ငုံ့ကြည့်ကာဆိုသည်။
"ရင်ဖွင့်ရင် ဖွင့်လိုက်ပါလား"တဲ့။
ဟင့်အင်း. . . ပွင့်နေတဲ့ ရင်ကို ပြန်ပိတ်ဖို့ ကြိုးစားနေတာ။
နှစ်များစွာ တယုတယ စိုက်ပျိုးခဲ့ရသော ဆူးမို့
ထွင်မိချိန်တွင် သွေးကလွန်ခဲ့ပြီ။
ကိုယ့်လက်ကိုယ်ပိုက်ကာ သပ်သပ်ရပ်ရပ်
ရှေ့ဆက်မည်။
ကျွန်မ ချမ်းသည်။
အထီးကျန်မှုတွေ ဝေ့ဝဲလာတိုင်း ကျွန်မချမ်းသည်။
ဤသို့ ဤပုံ ဝေးခဲ့ရသော
ကျွန်မညတွေမှာ
နှင်း . . တွေ. . နဲ့
ဘဒ္ဒါ

Saturday, February 28, 2015

သွေးရွှဲနှင်းဆီ‬

#‎သွေးရွှဲနှင်းဆီ‬
နှင်းဆီအငုံ တုန်တုန်လေးရဲ့
ပွင်ဖတ်နုနုလေးတွေဟာ
နှုတ်ခမ်းသားတွေ လှိုင်းထန်လို့
စုတ်ပန်းဝတ်ရည် တစီစီ။
သန်းခေါင်မှာ ညှင်းတဲ့ယိုးဒယား
စောင်းခတ်အောက်ပြန် ဒုံးကြိုးတင်း
''ဗေလုဝ''ရဲ့ လက်ရုန်းတန်းဟာ
မင်းထင်သလောက် မကောက်ဘူး
မင်းဘုန်းပေါက်မှာ ပဲတင်အထပ်ထပ်
''လေ ပြေ ဆော် သွင်းမြူး''တဲ့။
ငါ့အနမ်းဟာ
ဓားသွေးကျောက် ဖြစ်တယ်။
ပွတ်တိုက်။ ထက်မြ။ ပါးလှပ်။
ချောမွေ့သော တိမ်တစ်စု
နုနေတဲ့ဆူးဟာ အရှိန်တော့
နည်းနည်းပြင်း။
ငြင်းကြည့်ချင် ငြင်းနိုင်တယ်။
မွှေးဖို့ ဖို့ပဲ အရေးပါ။
အညှော်ခံတယ် ဆိုချင်လည်း ဆိုပါတော့။
ကြွေဖို့ သင့်ရှိနေပြီဆို ခူးမယ်။
ဘာပဲပြောပြော ဝတ်ရည်ဆိုတာ
ပျား ပိတုန်းအစာ။
ဂနိုင်ပါ ဆိုမှတော့ မှောင်မှာပေါ့။
သဘာဝအတိုင်း အရိုင်းတောအုပ်
ရဲရဲသာ ပွင့်လိုက်ပါ။
မှော်ဝင်နေတဲ့ ညတိုင်းမှာ
ချိုမြိန်မြိန် အဆိပ်သက်
သည်နှင်းဆီဟာ…
ပျော့ညံ့ညံ့ လိပ်ပြာတို့ရဲ့ သင်္ချိုင်းရာ။
ဝိညာဉ်တွေ လျောပြေးတလွှားလွှား
စုန်းမီးတဖြတ်ဖြတ် တောက်စား
သွေးစုတ်ချင်နေသော ဖိတ်စာ အထပ်လိုက်
တောကြီးတစ္ဆေ တွယ်ဖက်တက်
ခဏတော့မွန်းတယ်
ခံတွင်းလိုက်တဲ့ နှင်းဆီရေ……။
Ba G Oap Soe
 https://www.facebook.com/photo.php?fbid=727191427393440&set=a.469279463184639.1073741831.100003077692861&type=1&theater

Thursday, February 26, 2015

ချစ်သူသိလေ


ချစ်သူသိလေ
++++++++
ပန်းပွင့်ရှိမှ၊ ရနံ့ ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)

Wednesday, February 25, 2015

အ ခြေ အ နေ အ ရ


အ ခြေ အ နေ အ ရ
-----------------
အ ရှုံး ဆို တာ
အ နိုင် မ ရ ခြင်း လို့
ပုံ သေ ယူ ဆ မ ထား သူ ပါ
ခံ စစ် လုံ တိုင်း လည်း
ထိုး စစ် မ ပုံ နိုင် ဘူး လေ..
အ မာ ရွတ် တွေ သာ
ထပ် ထပ် တိုး လာ မယ့်
အ ချိန် ကုန် ခြင်း မျိုး အ တွက်
ကိုယ့် ဇက် ကြိုး ကိုယ် ဖြတ် ထွက် ခဲ့ လိုက် တယ်
တစ် ခါ တစ် ရံ မှာ
ထွက် ပြေး တတ် မှ အ နိုင် ရ တတ် တာ မ ဟုတ် လား...။

အခရာ
21,2,2015

Monday, February 23, 2015

ရင့်ကျက်သူဖြစ်ဖို့


 (၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါမေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။
.
(၂) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ် ထားပါ။စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေ ကို နှုတ် မဆက် ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။
..
(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။
..
(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တ ကုဆေးဆိုတာ မရှိကြောင်းကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
.
(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့် ကြိုးစားပြီး လုပ်ပါ။
.
(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့"လောက အကြီးကြီး"ကို ထည့်သွင်း ထားပါ။
.
(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူ တကယ် ချစ်ရင်သင့်ဆီသူပြန်လာလိမ့်မယ်။
.
(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။
.
(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။
.
(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
.
(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။
.
(၁၂) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။
.
(၁၃) သင်ကိုယ်သင် တွေးထင်သလောက်သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။
.
(၁၄) ငွေကြေးနဲ့ ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။
.
(၁၅) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။"ဆောရီး"ဆိုတဲ့စကားကိုဘယ်အချိန်မှာပြောပြော၊ဘယ်နေရာမှာပြောပြော ပြောပြီ ဆိုရင်တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။
.
(၁၆) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာ ရှိတာ ကို ဖြေးဖြေးပြော ပါ။တွေးစရာရှိတာကို မြန်မြန်တွေးပါ။
.
(၁၇) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။
.
(၁၈) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက်နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။
.
(၁၉) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလိုလမ်းထက်ဝက်တင် လက်လျော့လိုက် တဲ့ အောင်မြင်ခြင်း ဆိုတာလည်း မရှိဘူး။
.
(၂၀) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား"လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။
..
ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်နေပါပြီ...
.
Photo . . . Golden Triangle

Sai Aung Thet Htun

Saturday, February 21, 2015

ကြိုးမဲ့ တံခွန်


**" ကြိုးမဲ့ တံခွန် "**
တောင်ပံ အစုံကို ဖြန့်လို့
အဝေးဆုံးးးသို့ ပျံသန်းနိုင်တဲ့
ငှက်ငယ်တစ်ကောင်ရဲ့ ဘဝမျိုးးးး
မြတ်နိုးး လိုချင်ခဲ့သော်ငြားးးး……

လေနှင်ရာ လွှင့်… အလိုက်သင့် မြောပါ…
ဝေးးကွာရာ အရပ်…
ဟန်ဆောင်ကာ ပျံတတ်ပါသည့်……
"လေတံခွန်"ဘဝ… ဖြစ်ခဲ့ရသည့် တိုင်…။
"ရစ်ဘီးလုံးး"တို့ နှင့် အဝေး…
အနှောင်ဖွဲ့ မဲ့… ပြေးလွှားးးး…
ကြိုးးးဖြတ်ထားးးပေးးး ……
စွန်ကလေးးး တစ်ကောင်လို ……။
ပကာသန ကြိုး… သဘာဝ ကြိုးးး…
ဘာမှ တိုးးး၍… ချည်ရန် မလို…
ကံကြမ္မာ ပြိုစေ… ငိုမနေ တတ်……
ကြိုးးးပြတ် "လေတံခွန်" ဘဝမှာ……။
ထာဝရ "နွေဦးမေ"

Thursday, February 19, 2015

ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ
★★★★★★★★★★★★★★★★★★★★
(၁) အိပ်ရာကနေ ပုံမှန်ထက် ၃၀မိနစ်စောပြီးထပါ။ လေကောင်းလေ သန့်ရှုရှိုက်ပါ။ဒါကသိပ်အကျိုးထိရောက်မှာမဟုတ်ဘူးလို့သင်ထင်ကောင်း
ထင်နို်င်ပါတယ်။ဒါပေမယ့်တကယ်တော့ ဒီအချက်ကအများကြီးကို အကျိုးရှိပါတယ်။ သင်စောစောထခြင်းဖြင့် အလောတကြီး ဘယ်အရာကိုမှလုပ်စရာမလိုတော့ပါဘူး။ အလောတကြီးမလုပ်တဲ့အတွက် မေ့ကျန်ခြင်း၊ခလုတ်တိုက်ခြင်း စတဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေမတွေ့နိုင်တော့ပါဘူး။ အကျိုးဆက်ကတော့ သင်တစ်နေ့လုံး အလုပ်လုပ်လို့ကောင်းနေမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မနက်ခင်းတစ်ခုက နေ့တစ်နေ့ရဲ့ပြည့်စုံခြင်းကို ဖန်တီးနိုင်ပါတယ်။
.
(၂) မနက်မိုးလင်းလို့ မျက်လုံးဖွင့်ပြီးတာနဲ့ ဒီနေ့ဟာ သင့်အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မယ် လို့သင့်ကိုယ်သင်ပြောပါ။နည်းနည်းတော့ရူးကြောင်ကြောင်
နိုင်တယ်လို့သင်ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမယ့် ဒီအချက်
ကလည်း သင့်ရဲ့နေ့သစ်တစ်ရက်အတွက် အရမ်းအရေးကြီးပါတယ်။
.
(၃) အိပ်ရာကနိုးတာနဲ့ သင့်ရည်မှန်းချက်အကြောင်းစဉ်းစားပါ။ သင့်ရည်မှန်းချက်နဲ့ခြေတစ်လှမ်းနီးအောင်ပိုကြိုးစားမယ်လို့
ဆုံးဖြတ်ပြီး နေ့သစ်တစ်နေ့ကို စတင်လိုက်ပါ။
.
(၄) နေ့တစ်နေ့မှာလုပ်ဖို့ရှိတဲ့အရာတွေကိုစနစ်တကျစီစဉ်ပါ။ လုပ်ဖို့ရှိတဲ့အရာတွေကို စာအုပ်လေးတစ်အုပ်နဲ့ရေးထားတာဟာ အတော်ကိုကောင်းမွန်တဲ့အကျင့်ပါ။ သင့်ရဲ့တစ်နေ့တာလုပ်ငန်းတွေ
ကိုလည်း အစီအစဉ်တကျမှတ်မိနေစေပါတယ်။
.
(၅) မနက်စာစားပါ။ မနက်စာဟာ နေ့တစ်နေ့ရဲ့အစပြုခြင်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သင့်ရဲ့စွမ်းအင်ကိုပြည့်ဝစေပါတယ်။ မနက်စာစားခြင်း
အားဖြင့်အလုပ်မှာ ဗိုက်ဆာပြီး အာရုံစူးစိုက်မှု မရနိုင်တာမျိုး မဖြစ်နိုင်တော့ပါဘူး။
.
(၆) အိမ်ကမထွက်ခင်မှန်တစ်ခါကြည့်ပြီး “ကြည့်လို့်ကောင်းလိုက်တဲ့ငါပါလား”လို့ပြောပါ။ နည်းနည်းတော့
ရူးကြောင်ကြောင်နိုင်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် သင့်ကိုယ်သင်ယုံကြည်မှုကို မြင့်တက်စေပါတယ်။
.
(၇) တွေ့သမျှလူအကုန်ပြုံးပြပါ။ ဒါကလည်းနည်းနည်းတော့ခက်ခဲပါတယ်။ ဒါပေမယ့် ပြုံးပြတယ်ဆိုတာ အခြားသူကိုလည်းပျော်ရွှင်စေပါတယ်။ အရမ်းကြီးစိမ်းတဲ့သူကလွဲလို့ ကျန်တဲ့တွေ့နေမြင်နေကျသူတွေကို ပြုံးပြပါ။
.
(၈) ဘာမှမမျှော်လင့်ပဲနဲ့အနည်းဆုံးလူ(၃)ယောက်ကိုကူညီပါ။ အနည်းဆုံး(၃)ယောက်လောက်ကူညီကြည့်ပါ။ သူများကိုကူညီရတာ ပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်တစ်ခုခုတော့ပြန်လည်မမျှော်လင့်ပါနဲ့။
.
(၉) အနည်းဆုံး(၃)ယောက်လောက်ကို ရိုးရိုးသားသားချီးကျူးပါ။ သင့်အလုပ် မှာပဲဖြစ်ဖြစ်၊ကျောင်းမှာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်ကို “နင်ဒီနေ့အရမ်းကိုကြည့်ကောင်းနေပါလား” စသဖြင့် ချီးကျူးလို့ရပါတယ်။
ဒါပေမယ့် ရိုးသားစွာချီးကျူးပါ။
.
(၁၀) သင်လုပ်နေတဲ့အရာတစ်ခုပဲအာရုံစိုက်ပါ။
တစ်ချို့တွေက အလုပ်(၂)ခု၊ (၃)ခုကို တစ်ပြိုင်တည်းလုပ်လေ့ရှိပါတယ်။ တစ်ခါတစ်လေစိတ်ဖိစီးမှုများတဲ့ အပြင်အမှားလည်းများတတ်ပါတယ်။ သင့်လုပ်နေတဲ့အရာတစ်ခုပဲ အပြည့်အ၀အာရုံစူးစိုက်သင့်ပါတယ်။
.
(၁၁) အလုပ်ရယ်၊မိသားစုရယ်၊သင့်အတွက်ရယ် အချိန်ကိုခွဲခြားထားပါ။
အလုပ်အတွက်ကြီးပဲ အာရုံမစိုက်ပါနဲ့။ သင့်အတွက်ကိုယ်ပိုင် အချိန်လည်းထားပါ။ မိသားစုအတွက် အချိန်လည်းထားပါ။
.
(၁၂) သီချင်းနားထောင်ပါ။ စာအုပ်ဖတ်ပါ။ သီချင်းနားထောင်ရတာ
ဝါသနာမပါသေးရင်လည်း စမ်းပြီးနားထောင်ကြည့်ပါ။ ဂီတဆိုတာ လူသားအားလုံးနားလည်တဲ့ ဘာသာစကားတစ်မျိုးပါ။
ဂီတကိုအကြောင်းပြုပြီး မိတ်ဆွေတွေလည်းပွားများလာနိုင်တယ်။ စာအုပ်ဖတ်ခြင်းဖြင့်လည်း ဗဟုသုတများပြီး ပျော်ရွှင်နိုင်ပါတယ်။
.
(၁၃) ဒီနေ့ဘာအမှားလုပ်ခဲ့လဲ သင့်ကိုယ်သင်ပြန်မေးပါ။
အမှားကိုပြန်စဉ်းစားပါ။ ဒါပေမယ့်အကြာကြီးမစဉ်းစားပါနဲ့။ နောက်တစ်ခါ မမှားအောင်လုပ်ဖို့ပဲ စဉ်းစားပါ။ နောက်တစ်ခါဘယ်လိုမှန် အောင်လုပ်မလဲ စဉ်းစားပါ။
.
(၁၄)သင်ချစ်သောသူတွေအတွက်အချိန်ပေးပါ။သင်ချစ်တဲ့
သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့အတူ ပျော်သင့်တဲ့ အချိန်မှာပျော်ပါ။
.
(၁၅) စိတ်ကြည်နူးစရာအဖြစ်အပျက်တွေကိုပြန်တွေးပါ။
တစ်နေ့လုံးဖြစ်ပျက်ခဲ့သမျှထဲက စိတ်ကြည်နူးစရာအဖြစ်အပျက်တွေကို ပြန်တွေးပါ။ နောက်နေ့အတွက် မစိုးရိမ်ပါနဲ့။ ထိုစိတ်ချမ်းသာမှုတွေနဲ့အိပ်စက်ပါ။
.
.
The Express Times

Wednesday, February 18, 2015

မောင်မသိပေမယ့်လည်း


ရေဒီယိုမှာ လာနေတဲ့သီချင်းက
" မောင့်ကို ချစ်ဖို့ မွေးဖွားလာပါတယ် " 
ငိုချင်ရက်ကို လက်မတို့ပါနဲ့ ရေဒီယိုရယ်
မောင့်ကို ချစ်ဖို့ မွေးဖွားလာတာ
ဆိုပေမယ့်
ကျွန်မကမောင့်ကို လွမ်းဖို့
မွေးဖွာလာတယ်ဆိုရင်
ပိုမှန်ပါလိမ့်မယ်...

မောင်ပျော်နေတာ မြင်ဖို့
ကျွန်မအလွမ်းတွေကို
ပိုက်ထွေးထားပါတယ်...
ထို့ကြောင့်
မောင်မသိပေမယ့်လည်း
လွမ်းတယ်...
မေ မောင်ဖတ်ဖို့

Sunday, February 15, 2015

good bye february


good bye february
ချောကလက်တွေပို့တဲ့လ ပန်းစည်းတွေပို့တဲ့လ အရုပ်ကလေးတွေပို့တဲ့လ
ချစ်သူနှစ်ဦးရဲ့ပန်းနုရောင်ချစ်ခြင်းတွေအပြိုင်အဆိုင် ဖွင့်ပြကြတဲ့လ

ပြတင်းပေါက်ကနေ ငေးတော့ ဖြတ်ပျံသွားတဲ့ငှက်ကလေးက
နွေးနွေးထွေးထွေး ပြုံးပြသွားတယ် မေ့နိုင်အောင်ကြိုးစားလိုက်ပါ တဲ့
ဖုန်းခေါ်နေတဲ့ကိုယ့်စိတ်ဟာ ကစဉ့်ကလျား
အဲ့ဒီညမှာပဲ ဖေဖော်ဝါရီဟာ သေဆုးံသွားခဲ့တယ်
မျှော်လင့်ချက်နဲ့ရူးခဲ့တာ ဆိုတေးသီချင်းထဲကလို တစ်ညလုးံဖုန်းပြောဖို့
ကိုယ်စနှိပ်လိုက်တဲ့ အချိန်ကနေ မနက်မိုးလင်းအရုဏ်လာတဲ့ထိ
လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ မအားသေးပါရှင်
ဘယ်လိုအခြေနေမျိုးလည်း ပန်းတွေဟာ စကားပြောကြတယ် တရေးလောက်အိပ်လိုက်ပါဦးလား
အသာအယာခါရမ်းလိုက်တဲ့ခေါင်းမှာ ဘာအသိဥာဏ်မှမပါတော့ဘူး
စိတ်တွေအကုန်ပြိုလဲ အချစ်ဟာ မာနနဲ့ဘောင်ခတ်ဝန်းရံထားသရွေ့
ကျမ ဘယ်တော့မှသူ့ကိုမေးမှာမဟုတ်တဲ့စကားတစ်ခွန်းဟာ ကျမကိုချစ်လားလို့
ချစ်ခြင်းနဲ့မုန်းခြင်း ပြိုင်တူခံစားရတဲ့ ဝေဒနာဟာ တစ်ချက်တစ်ချက် အသက်ရှုဖို့ခဲယဉ်းတယ်
နှစ်ယောက်အတူ သွားခဲ့ဘူးတဲ့နေရာတွေကိုရောက်ရင် အဲ့ဒီနေရာတွေကမေးကြတယ် လွမ်းသလား တဲ့
မလွမ်းတော့ပါဘူးကွယ် ကိုယ့်အတွက်မဟုတ်ခဲ့တဲ့ဖေဖော်ဝါရီကို
တစ်ခြားသူအတွက်ပေးလိုက်ကတည်းက မလွမ်းတော့ပါဘူးလေ
တချက်တချက်မှ ပေါ်လာတတ်တဲ့ နာကြင်ခြင်းကတော့ ချစ်ခြင်းကြောင့်ဖြစ်ပြီး
ဘယ်တော့မှမဆုံချင်တော့တဲ့အရာကတော့ မုန်းခြင်းကြောင့်ဖြစ်တယ်
ကျမဘဝမှာ သူပေးခဲ့တဲ့ဗယ်လင်တိုင်းလက်ဆောင်ကတော့
ဖေဖော်ဝါရီကိုနှုတ်ဆက်ရခြင်းပါပဲ

ခင်ဦး