Saturday, May 31, 2014

ပေါ့ချင်ရင်လျော့ပါ





တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် စိတ်မှာ
သိပ်လေးလာတယ်ထင်ရင်တော့စွန့်လွှတ်လိုက်ပါ။ ခံစားချက်ကိုလျော့ချလိုက်ပါ။ ပေါ့သွားပါလိမ့်မယ်။

အမှန်တော့ လေးတယ်ဆိုတာတွယ်ထားလိုပါပဲ။
တွယ်တယ်ဆိုတာကလည်းလိုက်ပြီးခံစားနေလို့ပါ။
ခံစားချက်အတွယ်ဆိုတာကဘာပဲတွယ်တွယ်အတွယ်များရင်လေးလာပြီးပူလောင်လာတဲ့သဘောရှိပါတယ်။

အတွယ်ဆိုတာ သံယောဇဉ်ပဲ ဖြစ်တဲ့အတွက် သံယောဇဉ်ရဲ့  သဘောက တပ်မက်မှုစိတ်တွေကြောင့်
အစကတော့ သာယာကြည်နူးစရာလို့ထင်ရပေမယ့် တွယ်တာမှု များလာတာနဲ့အမျှ သာယာမှုကနေ
ပူလောင်မှု၊ စိုးရိမ်မှု၊ သောကဖြစ်မှုတွေဘက်ကို ပြောင်းသွားစေတတ်ပြန်ပါတယ်။

နောက်တော့ အဲဒီအတွယ်ကြောင့်ပဲစိတ်အစဉ် လေးလံထိုင်းမှိုင်းမှုတွေဖြစ်စေကာ ဆင်းရဲဒုက္ခရောက်ကြရတော့တာပဲ ဖြစ်ပါတယ်။

ဒီတော့ကား ကိုယ့်ကိုကိုယ် ဆင်ခြင်ကြည့်။အတွယ်တွေရှိလို့ စိတ်သောကတွေဖြစ်၊
စိတ်ခံစားမှုတွေများ၊ စိတ်အစဉ်လေးလံထိုင်းမှိုင်းမှုတွေအားကောင်းလာတာတွေပိုပိုများများလာပြီလို့ သိလာရင်အဲဒါတွေကို စွန့်လွှတ်နိုင်အောင်ကြိုးစားကြည့်ဖို့ပါပဲ။ တွယ်တာမှုကိုလျော့ချနိုင်အောင်ကြိုးစားလိုက်ဖို့ပါပဲ။

သေချာတာကတော့ စွန့်လွှတ်နိုင်တဲ့သူဟာပေါ့ပါးသွားတယ်ဆိုတာပါပဲ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

No comments:

Post a Comment