Monday, April 21, 2014

လွတ်လမ်း


တရားကျနေတာလား
မတရားခံရတာလား
လူကိုလူက အုပ်ချုပ်တာထက်
လူကိုလူက ... အချုပ်အခြာတည်ခံရ
ကျွန်မလည်း သူသူကိုယ်ကိုယ်
ရှင်တို့ယောကျာ်းတွေလို
မစွမ်းလို့လား...တဲ့..။
အချစ်ကို ခေါင်းစဉ်တပ်ပြီး
ဘ၀ကို သိမ်းပိုက်မှတော့
ဝေးဝေးပျံဖို့ ရုတ်ထားတဲ့ အတောင်တွေ
ပြုတ်ထွက်ပါစေတော့...။
စိတ်ရှိတိုင်း ပေါက်ကွဲရင်
မတရားတာက ကိုယ်ဖြစ်ရဦးမတဲ့လေ..။
အမှန်ကို အကျဉ်းချလိုက်ပြီ
ဘ၀ကို မှားမိလေသလား။
တစ်နေ့သာ..ကျွတ်လွတ်ခွင့်ရရင်
ကျွန်မ .. ရှင့်ကို မေ့ပစ်လိုက်ချင်တယ်။

ဧပိုင်
၂၂/၄/၂၀၁၄

Sunday, April 20, 2014

တစ်ကယ်မချစ်ပဲ

သင့် ရင်ထဲမှာ တစ်ကယ်မချစ်ပဲ
လူတစ်ယောက်အတွက် ချစ်တယ်ဆိုတဲ့စကား
လွယ်လွယ်မပြောလိုက်ပါနဲ့
သူ့အတွက်ဆိုတဲ့အတွေးတွေ
သင့်ရင်ထဲမှာရှိမနေပဲနဲ့ လူတစ်ယောက်ရဲ့
နားလည်ပေးမှုတွေကိုပဲ ရယူနေဖို့ မတွေးလိုက်ပါနဲ့

အမှန်တစ်ကယ်လက်တွဲရဲတဲ့ ဆန္ဒမရှိပဲ
လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေပေးပီး
ချည်နှောင်ထားဖို့မကြိုးစားပါနဲ့
သင့်ကို အရမ်းချစ်နေမိတဲ့ လူတစ်ယောက်က
သင့်အပေါ် မျှော်လင့်ချက်တွေထားနေမိရင်း
မျက်ရည်တွေနဲ့နာကျင်မှုတွေကို သူ့ရဲ့ဘဝနဲ့ရင်းပီး
ပေးဆပ်နေတတ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့နော်
Khin Myo Aye

Monday, April 14, 2014

***** ဘ၀ရဲ့ နောက်ဆုံးဆဒ္န *****



"ဘ၀"ဘနဲ့ဝနှစ်လုံးထဲ့နဲ
့လောကကြီးကိုခြယ်လှယ်
လုံးကြီးတင်မပါ စမ်းခက်မထိုး
သဝေထိုးနဲ့ရေးချတွေပါခဲ့ရင်
"ဘ၀"ဆိုတာမတွေးရဲစရာ ။။။။။

ဝေဒနာအတွက် ဖြေဆေးရှိတယ်
သေစရာအတွက် မြေဈေးကြီးတယ်
"ဘ၀"ဆိုတာအတွက် မရေရာပါဘူး
မနက်ဖြန်သေခြင်း ကောင်းမွန်ဖို့အတွက်
ဒီနေ့ကံ(၅)ပါးကို ခေတ္တစောင့်ထိန်းပေးပါ ။။။။။

"ပင်"မြင်ရင် လေတိုက်ခံရတက်တယ်
"ဘ၀င့်"မြင်ရင် ရှုပ်ချခံရတက်တယ်
"မာန"ကိုယ် ကောင်းမွန့်စွာအသုံးချပါ
တစ်ဖက်ထဲ့ အမြဲမကြည်နေပါနဲ့
"ငါးစာ"ရဲ့နောက်ကွယ် "ငါးမြှားချိတ်"တွေရှိတယ် ။။။။။

လေတိုက်တိုင်း ပေါက်ပင်မကိုင်းပါဘူး
ဖားအော်တိုင်းသာ မိုးရွာနေခဲ့ရင်
ဧရာဝတီ ဘယ်သောင်ထွန်းလိမ့်မလည်း
ဓါးထပ်ပျက်တာ ၀ါးမြတ်ဆိုတာပုံပြင်ထဲ့မှာ
မိုးကြိုးပစ်မှာကြောက်လို့ ထန်းပင်အောင်ဝင်
ထန်းပင်ပိသေမှာရေ ဘာကြောင့်မတွေးခဲ့ ။။။။။

ငြိမ်းချမ်းခြင်းအတွက် မေတ္တာဟာပေါင်းကူးတံတား
အလျှား အနံ ရှိသလို့ အသွားအပြန်လည်းရှိတယ်
သင့်ဘ၀မှာ ဘာတွေပေးဆပ်ခဲ့ပြီးပြီလည်း
မိဘနဲ့အချိန်ဟာ အစားထိုးလို့ရတဲ့အရာထဲ့မှာမပါဘူး
ဒီနေ့စားတဲ့ထမင်း အလကားမဖြစ်ပါစေနဲ့
လဲနေရင်ပြန်ထပါ ဒါဟာလူ"ဘ၀"
နေတတ်ဖို့ထက် သေတတ်ဖို့အရင်ကြိုးစားပါ ။။။။။

"ဘ၀"ရဲ့မိုးသောက်ချိန် ကောင်းကင်ယံကနေမင်း
မြေပြင်ကိုခစင်းလို့ လောကကြီးကိုအလှဆင်ချိန်
ဒီတိုင်းပြည်အတွက် တထောင့်တနေ့ရာကပေးဆပ်
မိသားစုအတွက် တခန်းတနေရာကနေပေးဆပ်
ငါ အုပ်တစ်ချက် သဲတပွင့်အဖြစ်နဲ့ပါဝင့်ချင်တယ်
ငါမသေခင် မသေသေးရင် အရာရာတိုင်းအတွက် ။။။။။

9:07pm
10.4.2014
နေမခ(ရွှေခြံမြေသား)

Wednesday, April 9, 2014

အပြစ်ဒဏ်သင့်သူရဲ့အယူခံတေး



***************************

အမိန့်တော်ဖွင့်ဟချက်ကို
စောင့်မျှော်နေသူကျွန်ုပ်
အရှင့်ရှေ့မှောက်မှာဒူးထောက်လျှက်ပါ-အရှင်။

တချက်အမှားအတွက်
အာဏာပါးကွပ်သားလက်သို့
အပ်နှင်းခံရမယ့်အကျွန့်ကို
အသနားပိုကာဖြင့်
အယူခံဝင်ခွင့်လေးတော့ပေးသင့်ပါတယ်-သခင်။

အမှု့ထမ်းခွင်မှာ
ပျက်ယွင်းတဲ့ကျွန်ုပ်
သခင်အုပ်ချုပ်မှု့အောက်မှာ
သတ်လျှင်သေ
စေလျှင်သွား
ထားရာမှာနေရမယ့်ဘဝပါသခင်။

သခင်နှုတ်ထွက်
မိန့်မှာချက်ကို
ဖေါက်ဖျက်သည်မဟုတ်ပါ။

သခင်လက္ခံရင်ဖြင့်
အမှု့တော်ထမ်းပျက်ကွက်မှု့အတွက်
တသက်နော်မနွမ်းတဲ့ပန်းမာလာအစုံကို
ယုယလို့ပျိုးထောင့်ခွင့်
ဥယျာဉ်မှူးအဖြစ်နဲ့ထမ်းရွက်ခွင့်ပြုပါ-သခင်။

ကျွန်ုပ်စကား
သခင့်နားမှာကြားလို့
နှုတ်တော်ဆွံ့အသွားလေသလား-သခင်
သခင်အမြင်မှာတော့
အမှု့ထမ်းလူကြမ်းပင်ဖြစ်တဲ့ကျွန်ုပ်
ဒါးခုတ်ဒါးထိုးကလွဲရင်
အပင်းပျိုးဖို့မစွမ်းသာ
ပန်းမာလာတွေငိုကြမယ်လို့ထင်မှာပေါ့။

သခင့်အတွေး
စောဒကမတက်ရဲပေးမယ့်
ထပ်မံလို့လျှောက်ခွင့်ပေးပါသခင်
ကျွန်နဲ့သခင်ဘက်ပြိုင်ခွင့်မရှိပေမယ့်
သခင်နဲ့ကျွန်သက်ဆိုင်ခွင့်တော့ရှိပါတယ်
်-သခင်။

အမှု့တော်ထမ်းစရိုက်ကြမ်းသူရဲ့ဘယ်ဘက်ရင်မှာ
သခင့်လိုပဲနူးညံ့တဲ့နှလုံးသားတစ်စုံရှိပါတယ်သခင်။

သခင်မြတ်နိုးတဲ့ဥယျာဉ်နန်းမှာ
တသက်မရိုးတဲ့ပန်းတွေစိုက်လို့
သခင့်နန်းမြိုင်အလယ်မှာ
ပန်းမွေ့ယာသဖွယ်ခင်းပါရစေလား။

သခင့်ခြေတော်သွားလေရာမှာ
ပန်းတံတားကိုခင်းပါရစေလား။

သခင်အိပ်စက်သလွန်ထက်မှာလဲ
ပန်းဝတ်မှုံ့ကမ္ဗလာဖြန့်ခင်းပါရစေလား။

သခင့်နန်းအတွက်ညီလာခံအတက်မှာလဲ
သခင့်ဦးခေါင်းမြတ်မှာပန်းတစ်ခတ်ပန်ဆင်ပါရစေလား။

အပြစ်ဒဏ်ခတဲ့
အကျွန်ုပ်ကအသနားခံ
အယူခံဝင်ခွင့်လွှာကို
သခင်ကလေလက္ခံခဲ့ရင်
အသက်ခန္ဓာတည်နေသရွေ့
သခင့်ဘေးမှာပန်းတော်ဆက်ဘဝနဲ့
အကျွန်ုပ်ဘဝကိုမြေမြှုပ်ခွင့်ပြုပါ-သခင်ရယ်။

Min Ma Kha

Thursday, April 3, 2014

ငြီးငွေ့စရာ ပြဇာတ်



ဘဝ မှောင်မှောင် ၊ ည မှောင်မှောင်ထဲ
ဝေဝါးနေတဲ့ ဘဝပေါင်း
အိပ်မက်ထဲက နိုးထတော့
တွေးသစ်နဲ့ လွှမ်းခြုံကြ

မိုင်ပေါင်း ဘယ်လောက် ကွာဝေး စေ
ငိုခြင်းနဲ့ ငြီးညူးခြင်းများကို အဆုံးသတ်
တပ်မက်မှု ဆိုတာတွေ ခဝါချ
မင်းလေးဆီသို့ လှမ်းခဲ့ပြီ

ဘဝ မုန်တိုင်း လောက ရိုင်းထဲ
အံကိုခဲကာ အတ္တတွေကို တိုက်ထုတ်ခဲ့
စွန့်လွှတ်ခြင်း ပေဆပ်ခြင်းများ
ပေးခဲ့ရပြီး ဘဝတွေ

အတွေးနဲ့ အမြင်ကြား
မေ့ထားလိုက်မယ် ပူလောင်းခြင်းတွေ
မင်းလေး လက်ကိုတွဲ
ဖြတ်ကျော်နေမယ့် နေ့ရက်ခါး

ခါးသီးမှုတွေကို ပိုက်ကာ
ပေးဆပ်ခြင်းတွေနဲ့ မျှဝေခဲ့
ဘဝနဲ့ အိပ်မက်ကြား
နေ့ရက်တွေက သက်သေပါ

နာလည်ခြင်း လား နာမလည်ခြင်း လာ
တွေးဆ မှန်းမျှော်လို့ မရတဲ့
နေ့ရက်တွေကို လိုက်ဖမ်းရင်း
အသိတရားတွေက ခေါင်းပါးနေ

PHOTO - Mseng Lar
— with Maji Nan Grawng and 47 others.

Wednesday, April 2, 2014

ငြမ်း ...




တစုံတရာလှပဖို့ ၊ တစုံတရာ ခိုင်ခန့်ဖို့ ၊ တစုံတရာ ပြုပြင်ဖို့ ... ရှေးဦးစွာ ငြမ်းဆင်ရပါတယ် ။

သည် ငြမ်းတွေပေါ်နင်း တက် ပြီးမှ ပြုပြင်လို့ ရပါတယ် ။

သံထည် နဲ့ လုပ်ထားတဲ့ ငြမ်း ၊ သစ်သားနဲ့ လုပ်ထားတဲ့ ငြမ်း ၊ ၀ါး နဲ့ လုပ်တဲ့ ငြမ်း ...

ကြာရှည် ခိုင်မြဲမှု ၊ ဘယ်လောက် အမြင့်ထိ ရောက်နိုင်မှု ဆိုတာ တည်ဆောက်တဲ့ ပစ္စည်း အမျိုးအစား ၊ တည်ဆောက်တဲ့ နည်းပညာ ၊ တည်ဆောက်သူရဲ့ ကျွမ်းကျင်မှု တွေ ပေါ် မူတည်ပါတယ် ။

ဘုရားပြီးငြမ်းဖျက် တဲ့ ...

ဘုရားတည်ရာမှ မဟုတ် အဆောက်အဦ တွေ ဆောက်လဲ ငြမ်းဆင် ဆောက်ရပါတယ် ။

တည်ပြီးတဲ့ ဘုရား ၊ ဆောက်လုပ်တဲ့ အဆောက်အဦ ပြီးရင် ငြမ်းဖျက်ရတာ ဓမ္မတာပါ ။

သည် ဘုရား ၊ သည် အဆောက်အဦ အတွက် သည်ငြမ်းတွေ နဲ့ တည်ဆောက်ခဲ့ပေမယ့် ...

ဆောက်လုပ် ပြီးစီးသွားရင်တော့ ...

သည် ဘုရားရဲ့ သပ္ပါယ်မှု ... သည်အဆောက်အဦ ရဲ့ လှပ ခမ်းနား ထည်ဝါမှု ...

သည်ငြမ်းတွေ ကြောင့် အကွယ်အကာခံ ... မထည်ဝါပြန်ဘူးလေ ။

လူ့လောကမှာလဲ ငြမ်း နဲ့ တူသော လူ တွေ ရှိပါတယ် ။

ကိုယ်တိုင် ငြမ်းလိုလူသား အဖြစ် လိုလိုလားလား နေထိုင်ခဲ့သူ ရှိသလို ...

မလွှဲမရှောင်သာ ငြမ်း ဘ၀ ရောက်ရသူတွေ လည်း ရှိပါတယ် ။

ကိုယ်တိုင်က ငြမ်းဘ၀ လိုလားခဲ့သူတွေက ...

သူတို့ အနင်းခံ အသုံးချခံ တည်ဆောက် ဖြစ်ထွန်းလာမှု တွေ အတွက် ...

ငြမ်း အဖျက်ခံရတာကို လည်း မငြူစူပဲ နားလည် လက်ခံတတ်ပါတယ် ။

မလွှဲမရှောင်သာ ငြမ်းဘ၀ ရောက်ရတဲ့ အဖြစ်တွေမှာလည်း အားမတန် ၊ မာန်လျော့ ကြရတာပါပဲ ။

ဒါကြောင့် ...

ဘုရားပြီး ငြမ်း ဖျက် ... ဆိုတာ ...

လောကမှာ ဖြစ်လေ့ဖြစ်ထ ရှိသော ... လို့သာ နှလုံးသွင်းရမှာပါပဲ ......

( ကျမဖတ်ဖို့ ကျမ ကိုယ်တိုင် ရေးပါသည် )
 https://www.facebook.com/photo.php?fbid=657089037659493&set=a.201362119898856.44754.100000752092903&type=1  မှကူးယူဖေါ်ပြပါသည်။

Saturday, March 29, 2014

မျက်လှည့်ပမာ


လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက်၊ လင်းတစ်ဝက်သည်၊
တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ၊
မျက်လှည့်ပမာ၊ တွေ့မြဲသာတည့်။

ဘဝသည်ကား၊ တိုက်ပွဲများပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသောမှောင်သော၊ အောင်သောရှုံးသော၊
မုန်းသောချစ်သော၊ သစ်သောဟောင်းသော၊
ကောင်းသောဆိုးသော၊ ညှိုးသောလန်းသော၊
ကြမ်းသောနုသော၊ ပူသောအေးသော၊
စောကြောစိတ်ဖြာ၊ မနေသာပေ၊
လဲရာကထ၊ ကျရာကတက်၊
ပျက်ရာကဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘဝ၊ အားမာန်ပြရင်း၊
ရုန်းရကန်ရ မည်တကား။ ။



ဗုဒ္ဓစာပေ ဦးဇောတိက မုံရွာ

Sunday, March 23, 2014

မောင့် ချစ်သူသစ်ဆီသို့


သိပါ မိန်းကလေး သူပြောတဲ့ ချစ်တယ်ဆိုတဲ့စကားမှာသူရဲ့ အရင်ချစ်သူမိန်းကလေးတွေရဲ့ အပြုံးတွေ
ပါဝင်ဖူးတယ်ဆိုတာ သိမှတ်ပါ....
အသုံးချပါမိန်းကလေးတစ်ဦးကိုလက်တွဲဖြုတ်လို့ကိုယ့်ကိုလက်ကမ်းခဲ့တဲ့သူ့ကိုနောက်တစ်ခါထွက်မသွားအောင်မာယာဆိုတာတွေ အစွမ်းကုန် အသုံးပြုပါ....
ယုံပါ မိန်းကလေး သူရဲ့ ဘ၀တစ်ခုလုံးရဲ့ အချစ်တွေကထာဝရပါလို့ပြောလာခဲ့ရင် ယုံလိုက်ပါ ဒါပေမယ့် သူနဲ့ချစ်စဉ် တခဏပဲဖြစ်ပါစေ.....
စုံစမ်းပါမိန်းကလေးသူထားပစ်ခဲ့ဖူးတဲ့မိန်းကလေးတွေကဘာတွေမှားလို့ချန်ခဲ့သလဲဆိုတာ....ဘာကြောင့်များ လမ်းခွဲခြင်း ဖြစ်ခဲ့သလဲကိုပေါ့....
အသင့်ပြင်ထားပါ မိန်းကလေး
Ex တွေကအပျော်ပါကွာလို့ပြောတဲ့သူ့ကကိုယ့်အတွက်ဘယ်လောက်ချစ်နိုင်မလဲဆိုတာမသိနိုင်ပါဘူး...

ကိုယ်ကလည်း သူ့ Ex ဖြစ်နိုင်လို့ စိတ်ကို အမှန်ကန်ဆုံး ပြင်ဆင်ထားပါ....
မျက်လုံးတွေကိုဖွင့်ထားပါ မိန်းကလေး နားတွေကို စွင့်ထားပါ မိန်းကလေး
သံသယတွေကမကောင်းပေမယ့်အလုံးစုံယုံမိရင်မှားတတ်လွန်းလို့သူပြောသမျှတစ်ဘ၀လုံးယုံဖို့မျက်လုံးတွေကိုဖွင့်ထားပါ.....
အချစ်စစ်နဲ့ ချစ်ပါ မိန်းကလေး
တစ်လက်ပြီး တစ်လက်ပြောင်းတတ်တဲ့သူကအချစ်စစ်နဲ့ မချစ်ဘူးတာသေချာလို့
ကိုယ်သာ ပြောင်းလဲပစ်နိုင်တယ်ဆိုသူ့ကို အချစ်ဖြင့် အရာရာ အကောင်းတိုင်းဖြစ်စေပါ မိန်းကလေး...

Wednesday, March 12, 2014

“ ကံကိုပြင်လိုက်ပါ ”

“ ကံကိုပြင်လိုက်ပါ ”
••••••••••••••••••••
စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။?
ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။?
ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ၊
ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ်ထားသလား။?

ဘယ်လိုဖြစ်နေနေ၊မပင်မပန်း ချမ်းချမ်းသာသာလေး
ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ
ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ…
ကံကောင်းသောသူ ဖြစ်နိုင်အောင်ကံကိုပြင်လိုက်ပါ။

(၁။) “၀သဘ ၏ သာမန်ဘ၀”
••••••••••••••••••••••••••
သီဟိုဠ်ရာဇ၀င်မှာ “၀သဘမင်း” ဆိုတာ ရှိခဲ့ဖူးပါတယ်။
မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက
ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ ဟူးရား ပညာရှိတွေက
ဝသဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့
ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့
လက်ရှိ မင်းလုပ်နေတဲ့ “ယသဠာလက မင်း”က
သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့ သူအားလုံးကို
သတ်စေလို့ မိန့် ပါတော့တယ်။

(၂။) အသက်ဘေးက လွတ်ပြီ။
••••••••••••••••••••••••••
ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ “၀သဘ” ကို
မင်းဆီ အပ်ဖို့ မိန်းမ လုပ်သူကို ပြောပါတယ်။
သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။
နံနက်စောစော ရောက်တော့ စစ်သူကြီးက
ဝသဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။
ဝသဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကို သိတဲ့
စစ်သူကြီး ကတော်က ကွမ်းအလွန်ကြိုက်တဲ့
စစ်သူကြီးအတွက် “ထုံးမပါတဲ့ ကွမ်း”ကို
ထည့်ပေး လိုက်ပါတယ်။
www.facebook.com/youngbuddhistassociation.mm
စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့
ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာ တွေ့ပြီး
ဝသဘကို အိမ်ပြန် ထုံးယူစေပါတယ်။
ဝသဘ က အိမ်ရောက်တော့ စစ်သူကြီးကတော်က
သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့
“၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ ..
ရော့ အသပြာ တစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ”
ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါတော့တယ်။

(၃)။ စစ်သည်စုရုံးပြီ။
••••••••••••••••••
ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း
တစ်ကျောင်းမှာ ပုန်းနေပါတယ်။
ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှု ထားပါတယ်။

ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က
ဝသဘရဲ့ ဇာတာကို ကြည့်ပြီး “သင်.. မင်းဖြစ်လိမ့်မယ် ” လို့
ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ “၀သဘ”ဟာ
ဝမ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိရှိတဲ့နောက်လိုက်
ယောက်ျားတွေကို စုရုံးပါတယ်။

အတော်အတန် စုမိတော့ “မုန့်သည်မသားသည်
မုန့်အနားကစ၍ စားရသည်” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး
မြို့စွန်ရွာစွန် ကစပြီး သိမ်းပါတယ်။ လိုရင်း ပြောရရင်တော့
နောက်ဆုံးမှာ “၀သဘ” မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

(၄)။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့
••••••••••••••••••••••••••••••••••
“၀သဘ”မင်းဖြစ်လာတော့ ဟူးရားပညာတွေကို
ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက်
နန်းစံရမလဲ ဆိုပြီး တွက်ခိုင်း ပါတော့တယ်။
ဟူးရား ပညာရှိတွေက တွက်ချက်ပြီး
“ ၁၂ နှစ် နန်းစံရမယ် ” လို့ ဟောလိုက်ပါတယ်။
ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာ
၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှ
မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

(၅)။ ကုသိုလ်တွေ ပြုပြီ။
•••••••••••••••••••
အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ
ဆည်းကပ်ပြီး “အရှင်ဘုရားတို့၊ မင်းသက်
ရှည်ရာရှည်ကြောင်းကုသိုလ်ကောင်းမှုများ
မရှိဘူးလား ဘုရား …” လို့ လျှောက်ထားပါတယ်။
ဒီတော့ သံဃာတော်တွေက -
“၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊
စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် ” လို့ မိန့်လိုက်ပါတယ်။

ဝသဘမင်းလည်း ရဟန်းတော်တွေ
လမ်းညွှန်တဲ့အတိုင်း ကောင်းမှုတွေပြုပါတယ်။
စာထဲမှာတော့ ၀သဘ မင်းပြုတဲ့ ကုသိုလ်တွေ
ကောင်းမှုတွေ အများကြီးပဲ ပြထားတယ် ။
( စာရှည် နေမှာစိုးလို့ ရေးမပြတော့ဘူး။ )
www.facebook.com/youngbuddhistassociation.mm
♦ လိုရင်းပြော ရရင်တော့ ၀သဘမင်းဟာ
( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ် နန်းစံခဲ့ရပါတယ်။

(၆)။ “အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ”
••••••••••••••••••••••••••
ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့
“၀သဘမင်း”ဟာ အတိတ်ကံအရ ၁၂နှစ်သာ နန်းစံရမှာပါ။

♦ ဒါပေမယ့် “အတိတ်ကံ” ကို “ပစ္စုပ္ပန်ကံ”နဲ့ ပြုပြင်
ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။
အပိုကြေး အနေနဲ့ “၃၂နှစ်” နန်းစံသက် ပိုရခဲ့ပါတယ်။
ဝသဘ မင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက
“အသက်ရှည်ကြောင်း” ကုသိုလ်တွေပါ။
သူ့အနေနဲ့ ကတော့ “နန်းသက်ရှည်ကြောင်း” သီးခြား
ကုသိုလ်တွေပေါ့။ အဲဒီကုသိုလ်-၆မျိုးကို
အောက်ပါ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။

“ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်
ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင် ၊သက်ရှည်ကြောင်းစု
ကောင်းမှု ၆-အင် အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ”

“၀သဘ မင်း”ကတော့ သူနဲ့ အသုံးတည့်မယ်
အသက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး
သူ့ကံသူ ပြုပြင်သွားတာပါ။

(၇)။ “သင်နှင့် ကောင်းကံ ၊ဆိုးကံ”
••••••••••••••••••••••••••
အခု စာဖတ်သူတွေ ကတော့ တခြားသော ဘဝ
လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေ
ရှိနေနိုင်ပါတယ်။
လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုးနေပါစေ။
နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုး နေစမ်းပါစေ။
ဝသဘ မင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို
စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ
အာရုံပြုပစ်လိုက်စမ်းပါ။

(၈)။ “ဘယ်လိုပြုပြင်မလဲ …အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ..?”
•••••••••••••••••••••••••••••••••••••••••••••••••
အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို
“ကုသိုလ်၅-မျိုး”နဲ့ ပြုပြင်ယူလို့ရပါတယ်။
တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့
သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့
နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။
ဆိုးနေတဲ့ကံ “နင်နေ ငါသွား” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့ -
♦ ၁။ ဒါန
♦ ၂။ သီလ
♦ ၃။ ဂုဏ်တော်
♦ ၄။ မေတ္တာ
♦ ၅။ ၀ိပဿနာ တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး
နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

(၉)။ “ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။”
••••••••••••••••••••••••••••••
(၉-၁။) “ဒါန”
•••••••••••••
ပထမဆုံးကုသိုလ်က “ဒါန” ပါ။
ဒါနဆိုတဲ့နေရာမှာရှင်၁သောင်းပြုပေးနိုင်မှ။
ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ “ဒါန” မဟုတ်ပါဘူး။
အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း
ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့်
ဆန်ထဲက “လက်တစ်ဆုတ်စာလောက်”နှိုက်ပြီး အိမ်ရှေ့က
စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်
ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။
www.facebook.com/youngbuddhistassociation.mm
ဆန်လက်တစ်ဆုတ်လောက်နဲ့တော့ မိသားစု
ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။
နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို
ကျွေးနေမယ် ဆိုရင်လည်းကိုယ့်ဝန် ကိုယ့်အားနဲ့
မျှတဲ့ ဒါန ဖြစ်နေတာပါ။

(၉-၂။) “သီလ”
••••••••••••••••
ဒုတိယက “သီလ” ပါ။ သီလမှာလည်း လောကီ
ထဲမှာနေတဲ့ လူတစ်ယောက် အတွက် “ငါးပါးသီလ”လောက်
လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ
တော်တော် လုံလောက်နေပါပြီ။
တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ
၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်းနိုင်ရင်တော့
အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက်
သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ
ပြန်စောင့်ရှောက် ပါလိမ့်မယ်။

(၉-၃။) “ဂုဏ်တော်”
••••••••••••••••
တတိယက “ဂုဏ်တော်”ပါ။ ဂုဏ်တော် ၉-ပါးထဲက
ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ . . .
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို
ပြုတော်မမူသော မြတ်စွာဘုရား၊လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။
အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က
ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က
သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။

(၉-၄။) “မေတ္တာ”
••••••••••••••••
စတုတ္ထက “မေတ္တာ”ပါ။
မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့
သီးသန့်အကျယ်ကို ရှိပါတယ်။
စာရေးသူရဲ့ “မေတ္တာ အတွေးများ စာအုပ်”မှာလည်း
ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင်တာတော့
ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့
လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။
www.facebook.com/youngbuddhistassociation.mm
ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊
ကိုယ်စောင့်နတ်-အိမ်စောင့်နတ်ကစပြီး၊
လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော
နတ်ကောင်း နတ်မြတ်တွေ အားလုံး
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ
အဆင်ပြေ ပါစေ . . . စသည်ဖြင့် ပေါ့လေ။

(၉-၅။) “၀ိပဿနာ”
••••••••••••••••••••
နောက်ဆုံးက “၀ိပဿနာ” ပါ။
ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ၊
ကိုယ်သန်ရာ သန်ရာ၊ကိုယ့် အာစရိယ ၀ါဒအတိုင်း
မှတ်ယူလို့ ရပါတယ်။
(မည်သည့် တရားစခန်း မည်သည့်
အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့
အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊
ဘယ်လက်ပေါ် ညာလက်ထပ်တင်၊
ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊
အသက်ကို ပုံမှန်ရှူလျှက် “၀င်လေ” ၀င်လာလျှင် ၊
ဝင် လာ သည်ဟု သိပေး၊ “ထွက်လေ” ထွက်သွားရင်
ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို
ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန်
ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း၊
၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန်
တိုး၍ ကြိုးစား ကြသင့်ပေသည်။)

(၁၀။) “ကုသိုလ်-၅မျိုး တစ်နေ့တာ”
••••••••••••••••••••••••••
ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို
စမ်းကြည့်ရအောင်ပါ။

(၁၀-၁။) “အိပ်ရာထ”
••••••••••••••••••
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး
မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။
ဘုရားခန်းကို အရင်သွားပါ။

♦ ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
♦ ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
♦ အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
♦ မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
♦ ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့
လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။
( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး
ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး၊
မိမိတို့၏ ခွန်အားအလိုက် ၊
သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊
နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု၊
နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ
ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။
အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ
ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ်
၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ၊
ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။)

(၁၀-၂)။ နေ့လည်
•••••••••••••••
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်
တစ်ဆုတ်စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက်
ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့
“ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း
အမျှ ပေးဝေပါတယ်။အမျှ အမျှ အမျှ ယူတော်မူကြပါ။
သာဓု၊ သာဓု၊ သာဓု ”ဆိုပြီး နတ်ကောင်း၊
နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို
အမျှပေးဝေလိုက်ပါဦး။

(၁၀-၃)။ “ညပိုင်း”
••••••••••••••••••
တတ်နိုင်တယ်။ အချိန်ရတယ်။
သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင်
ညပိုင်း ကိုးရီးယားကားလေး မလာခင်၊
ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ
ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ်
ထပ်လုပ်လိုက်ပါဦး။
www.facebook.com/youngbuddhistassociation.mm
(၁၁)။ “နေ့စဉ်ပြုအပ်သည်”
••••••••••••••••••••••••••
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။
ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့
ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် ၊
တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။
ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။
“အကုသိုလ်”ဆိုတဲ့ အင်အားက ကြီးလွန်းနေရင်တော့
ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာ
နဲ့အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း
ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု
စောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက်
ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း
ဆက်ပြီး ကံကောင်းနေဦးမှာပါ။

(၁၂)။ “ဒုက္ခကြုံရင် သစ္စာဆို”။
••••••••••••••••••••••••••
♦ ဒီကုသိုလ် ၅မျိုးကို “ကံကောင်းခြင်း၊ ကံဆိုးခြင်း” ကြောင့်
မဟုတ်ဘဲနေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။
အဲဒီလို ပြုနေစဉ် အတွင်းမှာပဲဘ၀ “အခက်အခဲ”
တစ်ခု ကြုံလာမယ်။ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို
နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို
တိုင်တည်ပြီး သစ္စာဆိုလို့လည်း ရပါတယ်။
www.facebook.com/youngbuddhistassociation.mm
“ကျွန်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊
နတ်ကောင်းနတ်မြတ် များကိုလည်း
နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။
ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော
အခက်အခဲများ ပြေပျောက်ပါစေသတည်း။
နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ။”
စသည်ဖြင့်ပေါ့လေ….။

(၁၃)။ “သံသရာကပင် ကျွတ်နိုင်ရဲ့”
•••••••••••••••••••••••••••••••
ကုသိုလ် ၅-မျိုးထဲမှာ “၀ိပဿနာ”လည်း ပါနေတော့
တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် ၊တစ်ဖိုလ်မှသည်
လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ
ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ… ဆိုရင်
ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး
မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ၊
ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် ၊
အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ်။

ကဲ . . . စာဖတ်သူ … ၊
ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင်
ဆိုးနေပါစေ။ “ကုသိုလ် ၅မျိုး” နဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။
မကြာခင် ကံကောင်းလာပါလိမ့်မယ်။

-【ရေးသားသူ - ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ်- အင်းမ)】

ကျမ်းကိုး။ ။မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်။