Monday, January 12, 2015

“ ရင်ရိပ်ညို ”


★“ ရင်ရိပ်ညို ”♪♫
လေအစုန်ကို ဆန်….
အဝေးဆုံးကို… ပျံသန်းတတ်သော…
ပျံလွှား ငှက်ကလေးရေ…..။
ငါ့ အနားကနေ…
စွန့်ခွာ ထွက်ပြေး… သွားချင်သူ တစ်ယောက်ကို….
လိုက်ဆွဲထားဖို့ ၀ါသနာ… ငါ့ မှာ… မပါဘူးကွယ်…..။

ငါဟာ…. ပိုက်ကွန် တစ်ခု မဟုတ်ဘူး….
ငါဟာ… ငါးမျှားချိတ် တစ်ချောင်း မဟုတ်ဘူး….
ငါဟာ… နွယ်ရှင် တစ်ပင် မဟုတ်ဘူး….
ငါဟာ…
အေးမြ သာယာတဲ့ အရိပ်တစ်ခုကို…
ပေးစွမ်း ခြွေချပေးမဲ့... ညောင်ညိုတစ်ပင်သာ ဖြစ်ပါတယ်…။

ခိုပါ… နားပါ…. အပန်းဖြေပါ….
ငါ့ အသီးတွေကို… စားသုံးပါ….
ငါ့ အရိပ်မြေမှာ… ချွေးသိပ်ပါ…..။
ဒါပေမဲ့ …
ငါ့ အကိုင်းကို... မချိုးပါနဲ့….
ငါ့ အမြစ်ကို… မဖြတ်တောက်ပါနဲ့….
ငါ့ အရိပ်မြေကို… ခြေစုံမကန်နဲ့….။

နားချင်တယ်လား… လာ နားလှည့်ပါ…
သွားချင်တယ်လား… ပျံ ထွက်သွားပါ….
ဘယ် အရာကိုမှ တားမြစ်မထားဘူး….
မေတ္တာဖြန့်ဝေ... ကြင်နာပေငြား….
အေးမြရိပ်ခို… “ရင်ရိပ်ညို”မို့…
လွမ်းပိုပေမင့်… မပြိုလင့်တာ…. သိထားပါ……။

ထာဝရ "နွေဦးမေ"

Friday, January 9, 2015

★“ နေသားတကျ (သို့) မင်းပေးခဲ့တဲ့ ဆုလာဘ် ”♪♫


★“ နေသားတကျ (သို့) မင်းပေးခဲ့တဲ့ ဆုလာဘ် ”♪♫
အရာရာဟာ … နေသားတကျ….
နေမင်းကြီးကလည်းးး….
သူ့ နေရာမှာ သူ .. ထွန်းလင်းလို့…..
လမင်းကြီးကလည်းးး……
သူ့ နေရာမှာ သူ… ထိန်ထိန်သာလို့……
Memory Stick ဖြူဖြူကလေးကလည်း… Lap Top လေး နံဘေးနားမှာ…
ငြိမ်သက်စွာ… အိပ်စက်နေရင်းးးး… အရာရာဟာ… နေသားတကျပါပဲ…..။
သဲ့သဲ့ကလေး သီကြွေးနေတဲ့...
အလွမ်းသီချင်းလေးတစ်ပုဒ်နဲ့....
စီးကရက် မီးခိုး အငွေ့တွေ.. လွင့်ပျံ ဝေ့၀ဲနေတဲ့…
အခန်းကျဉ်းကလေးထဲမှာ… ငါတစ်ယောက်ထဲ…
ဆိတ်ငြိမ်စွာ.. ကြေကွဲနေရင်းးးး. အရာရာ ဟာ… နေသားတကျပါပဲ……။
တေးသီ… ငှက်ကလေးတွေ…
ပျံသန်းနေတဲ့… ကောင်းကင်ပြာပေါ်က..
ဝေ့၀ဲ လွင့်ကျလာတဲ့..ရော်ရွက်ဝါ အကြွေတစ်ချို့ရဲ့....
ရှိုက်သံတိုးတိုးကလေးးး..
ရင်ခွင်ဆီ တိုးဝှေ့ ရိုက်ခတ်နေရင်းးး…. အရာရာဟာ… နေသားတကျပါပဲ……။
အင်းးး…
နိဂုံးကမ္ပတ်… အဆုံးသတ်တော့…
မင်းထားခဲ့တဲ့.. အထီးကျန်အထုပ္ပတ္တိတစ်ပုဒ်ရဲ့ အလည်မှာ..
ယောင်ခြာခြာ.. ငါ တစ်ယောက်ထဲ….
မျက်ရည် မ၀ဲဘဲ… အသည်းထဲမှာ ငိုကြွေး.…
ရှိုက်သံမဲ့ တေးချင်းတစ်ပုဒ်နဲ့အတူ … ရင်ကွဲပက်လက်… တမ်းတနေရင်းးးးး…..
ငါရဲ့.. လွမ်းဆွတ်ခြင်းတို့ အကြားးး…. အရာရာဟာ.... နေသားတကျပါပဲ…..
အရာရာဟာ… နေသားတကျပါပဲလေ…...။
ထာဝရ "နွေဦးမေ"

Thursday, January 1, 2015

" ကျိန်စာ "


" ကျိန်စာ "
ချစ်ခြင်းတရားကိုဗလက္ကာရပြုခံရတဲ့နောက်သေနေတဲ့စိတ်နဲ့ လျှောက်ခဲ့တဲ့လမ်းတွေမှာ လောက်တွေဖွေးဖွေးတက်ခဲ့တယ်။
နင်ပျော်ပါစေကွာလို့ မိုက်ရူးရဲဆန်ဆုတောင်းမှုကို နာကျည်းချက်က သေမိန့်ချခဲ့တယ်။
ဟန်မူရာဘီလို ဥပဒေသစိတ်နဲဆို နင့်နှလုံးသားကြွေမွပျက်စီးနေတာကြာပြီ။
နင့်စိတ်ထဲမှာ အိုးရှိုးဒဿနတွေလွှမ်းမိုးနေတယ်။
ထားလိုက်ပါတော့ကွာ။ အမြင်မတူရင်ရန်သူလို့ငါမပြောတော့ဘူး။
ငါ့စိတ်နဲ့ငါ့ကိုယ်တောင် ငါကရန်သူပြန်ပြန်ဖြစ်ခဲ့တာ။

စိတ်တစ်ကွေ့မှာ တွေ့ကြုံနေရတဲ့ လောကဓံထဲ နင်လည်းလူတစ်ဦးမို့ ဖက်လှဲတကင်း ကြုံစေရမယ်။
ငါ့ရဲ့ယုံကြည်ခြင်းကို ချနင်းခဲ့တဲ့ နင် ... ငါ့နှလုံးသားသွေးနဲ့ တိုင်တည်မှုပြုခဲ့မယ်။
တံတားလိုခင်းခဲ့တာကို နင်းရုံတင်မက ချိုးချေသွားခဲ့တဲ့နင် ...
နင့်ရဲ့စိတ်အလင်းပွင့်တွေ မှောင်မိုက်ပျက်စီးပါစေ။
ဒဏ္ဏာရီထဲက သစ္စာနဲ့ချစ်ခြင်းတရားတွေဟာ နင့်လက်နဲ့ထိလို့ လောင်မီးပြာကျပါစေ။
ဘယ်သွားသွား ဘာလုပ်လုပ် နင့်ကို လူရှုပ်လို့မြင်ကြပါစေ။
နင်ကလွဲပြီး မိန်းမမှန်သမျှဟာ တစ်ခြားယောကျာ်းများအပေါ် တိမ်းမူးရီဝေမူးယစ်ပါစေ။
သံသရာတစ်ကွေ့ နင့်ကိုပြန်တွေ့ခဲ့ရင်တောင် ယောကျာ်းနဲ့ မိန်းမဘ၀ကြား နင်ဖြစ်ပါစေသား။
အို ... ဘုရားသခင် .....
ကရုဏာတော်နဲ့မထိုက်တန်သူကို ကျွန်မဆုတောင်းပြည့်ခွင့်ပြုပါ။
အမှောင်လမ်းကိုရောက်နေရတဲ့ဘ၀မို့ သွေးစက်လက်နဲ့ ကျိန်စာပြုခဲ့ပါတယ်။
အာမင် ......။ ။
သည်းသည်း

Monday, December 29, 2014

မောင်လို့ခေါ်မိ အပြစ်ရှိ


မောင်လို့ခေါ်မိ အပြစ်ရှိ
****************
အပြစ်မရှိဘဲ အပြစ်ရှာတာ
အချစ်ကြောင့်တဲ့လား...
ကျမ မျက်ရည် ယူသွားပါမောင်
ဒါဟာ အပြစ်မဟုတ်တဲ့ ဖြူစင်ခြင်းနဲ့
ရှင့်ကိုချစ်ကြောင်းပါ...

ရင်မှာပွင့်ကြတာချင်းတူတူ
ဘာလို့များ
ကျမက အဖြူ
မောင်က အဝါ
ကွဲပြားခဲ့ပါသလဲ??
အဖြေထုတ်ပြရင်
ကျိုးကြောင်းဆီလျော်မှ အမှန်ဖြစ်မဲ့ပုစ္ဆာကို
အလွဲနဲ့ အမှတ်မလိုချင်ပါနဲ့...
မအောင်မြင်ရင် နေပါစေ
ကျမကအမှန်ဘဲဖြစ်ချင်တယ်...
မချစ်ရင် ရပါတယ်
ဒါကြောင့်ဆိုတာတွေကတော့
ကြက်ခြေခတ်ရဲတယ်
ကျမ အချစ်က
ပန်းဝင်မှ ပေးတဲ့ဆုမှမဟုတ်ဘဲ
ရေပါဖို့မလိုပါဘူး
ခပ်တာလေးဘဲမြင်ချင်တယ်
ဗေဒါဝီရသေ့လို...
အကြီးအငယ် နေရာရွေးလို့
အငယ်ဦးစားပေးတာလိုချင်ရင်
ရှေ့မှာနေရတဲ့လူကို
လေးစားမှုပေးရတယ်
ဗိုလ်ကျပါ မောင်
တဖက်သတ်တော့မဆန်စေနဲ့...
အချစ်ဆိုတာ
လိုချင်တာရရင် ကြည်နူးပျော်ရွှင်တယ်
ကျမကိုချုပ်နှောင်ခြင်းက
ပျော်အောင်ထားရင် တသက်လုံးနေမယ်
ငိုရတဲ့အချစ်ကိုတော့
အစောဆုံးသာ လမ်းခွဲချင်တယ်
စိတ်ဆင်းရဲတဲ့ အချစ်ကို
မောင့်ကိုပေးဖူးပါသလား...
ဟင့်အင်း
မောင်လို့ဘဲ ခေါ်ချင်တယ်
တကမ္ဘာလုံး မောင်နာမည်သုံးပါစေ
ကျမခေါ်ရင် ထူးပါ မောင်
အသဲနှလုံးက တိုက်ရိုက်ထုတ်လွှင့်တဲ့
တဦးထဲသောချစ်သူ ထံသို့
တကြောင်းထဲပို့တဲ့ အချစ်ပါ
မောင်လို့မောင့်ကိုခေါ်တာမျိုး
အစားထိုးမရပါဘူး...
မောင်လို့ခေါ်တာများ...
အပြစ်တဲ့လား..မောင်ရယ်...
ပန်းသီးခါး
၂၈.၁၂.၂၀၁၄

Sunday, December 28, 2014

မမေ့ပါနဲ့


မမေ့ပါနဲ့………
သင့်ဘဝထဲက အခက်အခဲတွေများစွာက
သင့်အတွက် တစ်နေ့နေ့မှာ အောင်မြင်ခြင်းတွေဆီကို
ရောက်အောင်လမ်းပြပေးနိုင်တယ်
သင့်ဘဝထဲက မျက်ရည်ကျစရာသင်ခန်းစာတွေများစွာက
သင့်အတွက် တစ်နေ့နေ့မှာ အဆိုးဆုံးအခက်အခဲတွေကိုလဲ
ရင်ဆိုင်ကျော်ဖြတ်ရဲအောင် သတ္တိတွေပေးနိုင်တယ်
သင့်ဘဝထဲက စိတ်ညစ်စရာတွေများစွာက
သင့်အတွက် တစ်နေ့နေ့မှာ တစ်ခြားသူတွေအပေါ် မှီခိုခြင်း
ကင်းစွာနဲ့ မားမားမတ်မတ်ရပ်တည်သွားတတ်အောင် သင်ပြပေးနိုင်တယ်
အဲ့ဒါကြောင့် …
သင့်ရဲ့ဘဝမှာ အခက်အခဲတွေရှိလာတိုင်း…
မျက်ရည်ကျစရာ သင်ခန်းစာတွေ ခံစားလိုက်ရတိုင်း…
စိတ်ညစ်စရာတွေ ပိုင်ဆိုင်နေရတိုင်း…
စိတ်ဓါတ်မကျပါနဲ့ …အကောင်းဆုံးသင်ခန်းစာတွေအဖြစ်သာ
သင်ယူထားနိုင်အောင် ကြိုးစားပစ်လိုက်ပါနော်……
Khin Myo Aye

Friday, December 26, 2014

ရေနည်းရပ်ဝန်း .


ရေနည်းရပ်ဝန်း .
အရာရာသွေ့ ခြောက်လို့ပါ
အရာရာကွဲအက်လို့ပါ
အရာရာပေါက်ထွက်လို့ပါ ။
နေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
ဖြေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
သေကြည့်ဖို့လည်းမလွယ်ခဲ့ပါဘူး
ဘယ်အရာမဆိုဆူးဟာထောင်ရက်သား ။
အိပ်လို့လည်းမပျော်ခဲ့တာတွေ
ခေါ်လို့လည်းမကြားခဲ့တာတွေ
နားလို့လည်းမရခဲ့တာတွေ
အဟန့်အတားဟာခဲလို့ပျစ်လို့ပါ ။
အသက်ရှုသံဟာကျပ်ခဲ့တယ်ဆိုပါတော့
အနွေးဓါတ်ဟာပြတ်ခဲ့တယ်ဆိုပါတော့
ကျောပေါ်ကဒဏ်ရာဟာလည်း
ထပ်ခဲ့ရတယ်ပဲဆိုပါတော့ ။
အော်ပြောလိုက်ရင်ဖြစ်မလား
အော်ဟစ်လိုက်ရင်ရမလား
ဒီဝဋ်ကဒီမှာရပ်ခဲ့ဖို့
ဒီဆိုးညစ်မှုကိုဒီမှာတန့်ခဲ့ဖို့ ။
စိမ်းလန်းခြင်းကိုမျှော်မိခဲ့ပေမယ့်
ဘယ်တော့မှပေါ်မလာခဲ့ခြင်းမှာ
စို့လာတဲ့ဝမ်းနည်းမှုကိုအသာထိန်း
ဖြည်းဖြည်းပဲတိမ်းခဲ့ချင်ပါတယ်
အေးအေးစက်စက်ပဲနင်းထွက်ခဲ့ချင်ပါတယ် ။
အထိတ်တလန့်
ပြုတ်ကျလာတဲ့ကြမ္မာဟာ
ပိုကောင်းလာခဲ့ဦးမယ်ဆိုရင်ပေါ့ ။ ။
ကိုထက်-ရေဦး
6 , 10 , 2 0 1 4

Thursday, December 25, 2014

အလွမ်းခြွေတဲ့ ဆောင်း


***" အလွမ်းခြွေတဲ့ ဆောင်း "***
သက္ကရာဇ်တစ်ခု အသစ်ပြောင်းးး...
တစ်ဆောင်းယွန်းတော့မယ် မောင်ရယ်..
ဒီတစ်နွေကို.. မေရင်ဆိုင်ရဦးမယ်...
မောင်မပါ.. ဒီလမ်းး မောပန်းလွန်းလှတယ်...။

ဒီဇင်္ဘာရယ် အကြိုထောက်ပေမယ့်...
နှင်းပွင့်လေးတွေ အရောက် နောက်ကျခဲ့တယ်...
နှင်းပျောက်ကန္တာ အလယ်မှာ...
ဆောင်းဟာ မပီပြင် ၀ိုးတ၀ါးနဲ့...
နှင်းပွင့်လေးရဲ့ နှုတ်ဆက်အနမ်းမှာ...
မေ ဘယ်လို ချမ်းမြေ့နိုင်ပါ့မလဲ....။
နှင်း ချွေခဲ့တဲ့ ဆောင်းဟာ...
မေ့ ရင်ကို အပူတိုက်နေခဲ့တယ်...
တစ်သက်မခွဲ တွဲမယ့် လက် ဆို.....
မေ ဘယ်လို ဖြေရမှာလဲကွယ်....
မောင်ကလည်းးး ဖြုတ်မချပါဘဲ...
မေကလည်းးး တစ်ခုပ်တရ တွဲထားပါလျှက်...
ကမ္ဘာတစ်ခြားစီ... ပြုတ်ထွက် ဝေးကွာခဲ့ရတယ်....။
မပီပြင်လှတဲ့.. ဆောင်းရင်ခွင်ထဲ.....
လွမ်းနေတယ် ပြောမထွက်ရဲအောင်....
မေ လွမ်းနေတယ် မောင်ရယ်.......
အလွမ်းတွေကို... ပန်းလို မမျှောချင်ပေမယ့်....
ကျမပဋာ ရင်မှ... သောကအပူ...
ပန်းကလေးတွေရယ်.. ယူဆောင်သွားလှဲ့ပါ....။
ဘ၀ ဆိုတာ....
သံသရာ တစ်သက်ဆို...
ဒီရေစက်မျိုးးး မကြုံလိုတော့ပါ...
ဝဋ်ကြွေးရှိက ဒီဘဝမှာသာ.. ပြေပါရစေ မောင်ရယ်...။
ထာဝရ "နွေဦးမေ"

ယခုလောလောဆယ်


မိုးစက်တွေ သန်းပေါင်းများစွာ ထဲ တစ်ယောက်ထဲ စိတ်ကို ဒရွတ်တိုက်ဆွဲခေါ်သွားတယ် ငိုနေမယ့်မျက်ဝန်းတွေကို ကောင်းကင်ပေါ်မော့လိုက်တာနဲ့ အဲ့ဒီမျက်ရည်တွေအကုန် ရောက်ရာပေါက်ရာ စီးဆင်းသွားပေမပေါ့  ဒီစိတ်နဲ့ ငါ ငိုတယ် တိတိပပ မရှိတဲ့ အကြောင်းပြချက်တွေနောက်လိုက်ရင်းကြေကွဲနေတဲ့ ကိုယ့်စိတ်တွေ အယောင်ယောင်အမှားမှား လေ လွင့် တစ်ယောက်ကတစ်ယောက်ကို ညာတယ် ငါတို့ ပျော်ခဲ့ကြဘူးလား။ကိုယ့်နှလုးံသားကို ရိုက်ပုတ်ပြီးပြန်မေးကြည့်ရတယ်

 https://www.facebook.com/notes/khin-oo/%E1%80%9A%E1%80%81%E1%80%AF%E1%80%B1%E1%80%9C%E1%80%AC%E1%80%B1%E1%80%9C%E1%80%AC%E1%80%86%E1%80%9A%E1%80%B9/386456681502662?pnref=story

Tuesday, December 23, 2014

ဗိုက်ဗာဖေ့ဘုတ်အရင်းထုတ်၍ နှာထစရာဤကမ္ဘာ


ဗိုက်ဗာဖေ့ဘုတ်အရင်းထုတ်၍ နှာထစရာဤကမ္ဘာ ~~~~
ဆိုရှယ်နက်ဝပ်တွေပေါ်လာကြတော့ ရိုးတိုးရွတပုရိသအတွက်
မဟာဒုလ္လဘရခဲ့လှစွာသော အခွင့်အရေးကြီးရလိုက်သလိုပါပဲ ။
အရင်က လဖက်ရည်ဆိုင် ၊ ဆိုက်ကားဂိတ် ၊ အရက်ဆိုင်တွေကနေ
မိန်းခလေးများဖြတ်လျှောက်သွားတာနဲ့ဟေ့ဟေ့ ၊ ရွတ် ၊ ပွတ်စ် လုပ်
နေတဲ့ ပုရိသယောင်္ကျားများအဖို့စမတ်ဖုန်းတလုံးရယ် အင်တာနက်လိုင်းရယ်
ရှိရင် အိုကေမှာ စိုပြေသပ ။ နီးစပ်ရာလူတွေဆီက မိန်းခလေးလှလှ
ဖုန်းနံပါတ်လေးတွေရှာ ဗိုက်ဗာမှာ အပ် ၊ ပထမ တရက်လောက်ကို ခင်ချင်
တယ် ဘာညာလုပ် ၊ ဒုတိယရက်လောက်မှာ ရည်းစားစကားပြော ၊ အဟေဟေး
ဟန်ကိုကျလို့ ။

ဖေ့ဘုတ်ဆိုပိုတောင်မိုက်သေး ၊ ပိုစ့်အမျိုးမျိုးနဲ့တင်ထားတဲ့ မိန်းခလေးပေါင်းများ
စွာထဲက ခေါင်းခေါက်ရွေးရတာ ကိုကိုပုရိသတို့ မာန်တောင်တက်နေသေးတယ် ။
မသိရင် သူတို့ရွေးဖို့ပဲ ဓါတ်ပုံတွေရိုက်ပြီး တင်ထားသလိုလို။ ပုရိသ ကိုကို တို့ပဲ
ဟန်ကျသလားဆိုတော့ မဟုတ်ပါဘူး ။ မိဘက ရည်းစားထားရင်
သတ်မယ်ကြိမ်းထားတဲ့ အိမ်တွင်းပုန်းမမ ၊ ရုပ်ရည်လေးနည်းနည်းဆိုလို့ အပြင်
မှာ မဖလန်းနိုင်တဲ့ အပျိုကြီးလေဒီတွေ ၊ ကလေးတဖက်နဲ့မို့ အပြင်ဘက်မလှည့်
နိုင်တဲ့ စင်ဂယ်မားသားတွေ အဖို့လည်း အင်တာနက်က သိပ်အသုံးကျသဗျ ။
ကြီးကြီးငယ်ငယ် ပျိုပျိုရွယ်ရွယ် ၊ အိမ်ထောင်ရှိ ၊ ကလေးအဖေ ၊ ကလေးအမေ
တခုလပ် မုဆိုးမ တလင်ကွာ အစရှိသဖြင့် အပြင်မှာမဖလန်းနိုင်သူများအတွက်မူ
ဆိုရှယ်နက်ဝပ်များသည် မွှေ့လျော်ပျော်ပါးကစားရာ နေရာကြီးဖြစ်လာလေတယ် ။
ဖုန်းနံပါတ်အပြန်အလှန်ပေး ၊ ဖုန်းထဲမှာကျု ကြ ။ အို အဟင့် အဟင့် ညီမလေး
ကိုကြီး ချစ် ဆိုးတယ်ကွာ မောင် ကိုကို သဲ အစရှိသဖြင့် ဗိုက်ဗာနှင့် ဖေ့ဘုတ်တခွင်မှာ
ခေတ်သစ် လူများအတွက် တဏှာပေမတကြော တောထစရာ ဗျုဟာကွင်းပေတည်း။
မြင်မြင်သာမျှ သာဓုသာခေါ်ကြပါကုန် ။

ခိုင်မြဲကျော်ကျော်
 https://www.facebook.com/photo.php?fbid=933496836662917&set=a.398988596780413.103139.100000078276723&type=1&theater