Saturday, July 20, 2013

ပင်လယ်သေ -->



ဘယ်အချိန်သေမလဲ မသိ
မသေခင်အထိ ..
မနက်ဖြန်တွေတော့ ဆက်တိုက်လာဦးမယ်

လောကဓံတွေ ..
အမောသံတွေရယ် နဲ့

ဒုက္ခက ပင်လယ်ဆို ..
အသက်ရှူမရပ်သရွေ့ 
တက်ကူမပါ ..
တစ်ကိုယ်ရယ်ထီးတည်း

ပြိုင်ပွဲက မထွက်နိုင်သ၍တော့
နိုင်သူ ရှုံးသူ အတူတူအနူနူပါပဲ

ရှုံးရတာများတော့
သုညနဲ့ နေသားကျလာတယ်

....

ကံကြမ္မာကို အားမရဘူးကွယ်
ပိုးဖလံမျိုး ..
ပင်ကိုယ်ဆိုးတယ်ပဲ ပြောစေတော့

ပူလျက်နဲ့ မတိုးချင်
မတိုးမဖြစ် တိုးဝင်ရစ်ခဲ့
ကိုယ့်အရေးထက်
အရေးပါတာတွေ ရှိနေတတ်ကြသေးတယ်

ဘယ်လိုလဲကွယ်

အပြစ်တင်မယ် ဆိုလည်း
အပြစ်မမြင် ဖြစ်စဉ်သင့်ပါတယ်

တကူးတကတော့ ဒီအပူအပင်
အဘယ်သူ ယူငင်ချင်ပါ့မလဲ

နှိမ့်ကျတာ များတော့ ..
ခေါင်းငုံ့ထားရင်း မာနကင်းလာတယ်

....

တစ်ခါ တစ်ခါ ..

ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေ ဦးစားပေးရတယ်

တစ်ခါ တစ်ခါ ..

လိုချင်တာထက်
လိုအပ်တာတွေ ဦးစားပေးရတယ်

ငါ ဘာတွေ လိုနေသလဲ
ငါ ဘာလို့ ငိုနေသလဲ

အဆင်မပြေမှုတွေ အကြား
အတ္တတွေ အလွှာလိုက်ကွာကျ

ငါ ဆိုတဲ့အစွဲက ..
ငါ့ကိုယ့်ငါပြန် မုန်းတီးတတ်လာတယ်


( နှင်းသို့ )

No comments:

Post a Comment